ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် ကော်မတီဥက္က၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကားပြောကြား

ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီ (၁/ ၂၀၂၄) အစည်းအဝေးကို (၃၁-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကားပြောကြားပါသည်။ ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ် ပြီးဖြစ်သော ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်မည့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်တင်ပြဆွေးနွေးဆုံးဖြတ်နိုင်ရန် ကျင်းပခြင်းဖြစ်ပါ ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ခုနှစ်ကစတင်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့ပူးပေါင်းပြီး ကမ္ဘာ့ဘူမိဥယျာဉ်သတ်မှတ်ခံရရေး ကနဦးလုပ်ငန်းဖြစ်သည့် အမျိုးသားအဆင့်ဘူမိဥယျာဉ်များ သတ်မှတ်ဖွဲ့စည်းနိုင်ရေး ဟန်ချက်ညီညီ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး အလားအလာကောင်းများရှိသည့် နေရာအများအပြားရှိသည့်အနက် ပုပ္ပားတောင် ဒေသသည် အလားအလာအကောင်းဆုံးဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိဥယျာဉ်အဖြစ် ဘူမိ နယ်မြေ (၁၅)ခုဖြင့် ပါဝင်ဖွဲ့စည်းထားသည့် “ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်”ကို သတ်မှတ် ကြေညာနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးအတွက် ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းမှ ရန်ပုံငွေခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကမ္ဘာ့ဘူမိဥယျာဉ်သတ်မှတ်ခံရရေးအတွက် UNESCO သို့ စာရင်းတင်သွင်းရာတွင် သဘော သဘာဝမတူညီသော ဘူမိနယ်မြေများလေ ပိုကောင်းလေဖြစ်သောကြောင့် နောက်ထပ် ဘူမိနယ်မြေ အသစ်များကို ဆက်လက်ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ ပုပ္ပားတောင်ဒေသအတွင်း အဆိုပြုဘူမိ နယ်မြေ (၁၄) ခုကိုလည်း အတည်ပြုသတ်မှတ်ခံရရေး ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနနှင့်
ဒေသခံပြည်သူများ၏ သဘောတူညီချက်များရရှိရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) အဖြစ် သတ်မှတ်နိုင်ပါက နိုင်ငံ၏ ထူးခြားထင်ရှားသော သဘာဝအမွေအနှစ်ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူပြု နိုင်ရုံသာမက မြန်မာနိုင်ငံ၏ သဘာဝသယံဇာတကြွယ်ဝမှုနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ပိုမိုသိရှိလာစေနိုင်ပါကြောင်း၊ သဘာဝအလှတရား၊ ဇီဝမျိုးစုံမျိုးကွဲ၊ ရှေးဟောင်း အမွေအနှစ်၊ ယဉ်ကျေးမှုသမိုင်းစသည့် တန်ဖိုးကြီးမားပြီး အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များကို ဘူမိဥယျာဉ်တွင် တစ်စုတစ်စည်းတည်း တွေ့ရှိနိုင်မှာဖြစ်သည့်အတွက် ကမ္ဘာ့ အဆင့်ဘူမိဥယျာဉ် သတ်မှတ်ခံရရေးအတွက် စီမံခန့်ခွဲရေးနှင့်သက်ဆိုင်သောဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့်သုတေသန ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် ကော်မတီဝင်အဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားပါသည်။
ထို့နောက် ဘူမိဥယျာဉ်လုပ်ငန်းကော်မတီအတွင်းရေးမှူး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောမြေပြင်ပရှိ ဘူမိနယ်မြေ (၁၄)ခုနှင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေသုံးစွဲဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင် ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသက်ညွန့်တင် က ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) Cheeklist ပါ အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ ဆုံးဖြတ်ကြပါသည်။ အစည်းအဝေးသို့ ဘူမိဥယျာဉ်လုပ်ငန်းကော်မတီ ဥက္ကဌ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Friday, May 31, 2024 - 15:15