AFoCO RETC ၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ ဖွင့်လှစ်ကျင်းပခြင်းအပြင် သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွား အထောက်အကူ ပြု သင်တန်းများနှင့် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်း များကို နှစ်စဉ် စီစဉ်ဖွင့်လှစ်လျက်ရှိပါသည်။
AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ ဒုတိယ အကြိမ်မြောက် စီစဉ်ဆောင်ရွက်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်၏ ‘ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်ပစ္စည်းများ လုံခြုံထိန်းသိမ်းရေးဆိုင်ရာသင်တန်း’၏ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ CFDTC (မှော်ဘီ)မှ ကျောင်းအုပ်ကြီးနှင့် ဒုကျောင်းအုပ်၊ RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းဆရာအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှော်ဘီမြို့နယ်မှ ရဲတပ်ကြပ်ကြီး ဦးဝင်းဇော် ဦးဆောင်သော တာဝန်ရှိသူ (၂)ဦးနှင့် သင်တန်း သားများ၊ သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ စုစုပေါင်း(၂၅)ခန့် တက်ရောက်ခဲ့ပြီး AFoCO RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ကြိုဆိုနှုတ် ခွန်းဆက် စကားအားလည်းကောင်း၊ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ဦးဝင်းဇော်က သင်တန်းအဖွင့်အမှာစကားအားလည်းကောင်း ပြောကြား၍ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူး ခဲ့ပါကြောင်း သတင်းရရှိပါသည်။
သင်တန်းကို (၁) လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တာဝန်ဝတ္တရာများနှင့် ဥပဒေ သတ်မှတ်ချက်များကို သိရှိနားလည်စေရန်၊ (ခ) အများပြည်သူကို ကျွမ်းကျင်လိမ္မာစွာ ဆက်ဆံ တတ်စေရန်၊ (ဂ)ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်များ၏ လုံခြုံမှုဆိုင်ရာများကို ကာကွယ် တားဆီးတတ်စေရန်နှင့် ဖျက်ဆီးမှုများမှ ကာကွယ်နိုင်စေရန်၊ (ဃ) ရုတ်တရက်ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေအနေများအလိုက် သင့်တော်စွာ တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စီစဉ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းကို RETC သင်တန်းကျောင်း၌ စာတွေ့/လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ကာ သင်တန်းကာလမှာ ၁၈-၅-၂၀၂၆ မှ ၂၀-၅-၂၀၂၆ ထိ (၃)ရက်ကြာ ကျင်းပဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

date: 
Monday, May 18, 2026 - 21:30