“ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းဖို့၊ ရပ်ရွာ ဒေသမှ စတင်ဆောင်ရွက်စို့”
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့
၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစီအစဉ်၏ ဒုတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အကြောင်းကိစ္စရပ်များကို ပိုမိုနားလည်သဘောပေါက်စေရန်နှင့် ထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ နှစ်စဉ် မေလ ၂၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့” (Acting Locally for Global Impact)” ဖြစ်သည်။ “ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသမှ စတင်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၏ အသေးစား လုပ်ဆောင်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်” ဟူ၍ ဆိုလိုခြင်းဖြစ်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲများ
ကမ္ဘာပေါ်ရှိ သစ်တောများ၊ ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ အပင်မျိုးစုံနှင့် မျိုးရိုးဗီဇအရ အမျိုးမျိုးကွဲပြားသော သက်ရှိများအားလုံးကို “ဇီဝမျိုးစုံမျိုးကွဲ” (Biodiversity) ဟု ခေါ်ဆိုပါသည်။ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲပေါင်း (အပင်နှင့် တိရစ္ဆာန် မျိုးစိတ်ပေါင်း) ၈.၇ သန်းခန့်ရှိပြီး ကုန်းနေ၊ ရေနေ သတ္တဝါမျိုးစိတ်များ၏ ၈၀ ရာခိုင်နှုန်း၊ ငှက်မျိုးစိတ်များ၏ ၇၅ ရာခိုင်နှုန်းနှင့် နို့တိုက်သတ္တဝါ မျိုးစိတ်များ၏ ၆၈ ရာခိုင်နှုန်းသည် သစ်တောများအတွင်း ရှင်သန်နေထိုင်ကြသည်။
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ဟိမဝန္တာ တောင်စဉ်တောင်တန်းဒေသ များတွင် ပါဝင်နေသည်သာမက အင်ဒိုချိုင်းနားနှင့် မလေးကျွန်းဆွယ်ဒေသတို့အတွင်း ထိစပ် ပါဝင်နေသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများစွာ ကြွယ်ဝပြီး သဘာဝအပင်မျိုးစိတ်များနှင့် သတ္တဝါ မျိုးစိတ်များစွာတို့ကို တွေ့ရှိနိုင်ပါသည်။ ၂၀၂၅ ခုနှစ်အထိ သုတေသနပြု လေ့လာမှုများအရ မြန်မာနိုင်ငံတွင် အပင်မျိုးစိတ် ၁၄,၀၂၀၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၆၅၊ ငှက်မျိုးစိတ် ၁,၁၀၀၊ တွားသွားသတ္တဝါမျိုးစိတ် ၂၉၁၊ ကုန်းနေရေနေသတ္တဝါမျိုးစိတ် ၁၂၀၊ ရေချိုနှင့်အဏ္ဏဝါငါးမျိုးစိတ် ၁,၁၀၀၊ သန္တာမျိုးစိတ် ၂၈၇၊ ပင်လယ်မြက်မျိုးစိတ် ၁၂၊ ပင်လယ်ရေညှိ ၃၈ မျိုးတို့ကို မှတ်တမ်း တင်ထားရှိပြီး ဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများက ပံ့ပိုးသောအကျိုးကျေးဇူးများ
ဇီဝမျိုးစုံမျိုးကွဲများသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ ရေကောင်းရေသန့်၊ လေကောင်းလေသန့်များ ပံ့ပိုးပေးသကဲ့သို့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အတွက်လည်း အခြေခံ အရင်းအမြစ်များ ဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ဝန်ဆောင်မှု များဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ် အစီရင်ခံစာ (Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services-IPBES) အရ ဇီဝမျိုးစုံမျိုးကွဲတို့က ပံ့ပိုးသော အကျိုးကျေးဇူးများကို အောက်ပါအတိုင်း တွေ့နိုင်ပါသည် -
စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး။ ဇီဝမျိုးစုံမျိုးကွဲများသည် စိုက်ပျိုးရေး၏ အခြေခံအုတ်မြစ် ဖြစ်ပြီး သီးနှံများနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် လိုအပ်သော မျိုးရိုးဗီဇ အမျိုးမျိုးကို ပံ့ပိုးပေးပါသည်။ စားသုံးရန်အတွက် အပင်မျိုးစိတ် ၇,၀၀၀ ခန့်ကို စိုက်ပျိုးကြသည်။ ပျားများ နှင့် အင်းဆက်ပိုးမွှားများကဲ့သို့သော ဝတ်မှုန်ကူးပေးသည့် သတ္တဝါများသည် ကမ္ဘာ့ထိပ်တန်း အစား အစာသီးနှံများ၏ ၇၅ ရာခိုင်နှုန်းကျော်အတွက် မရှိမဖြစ်လိုအပ်ပြီး သဘာဝမှ ရရှိသည့် ငါးများသည် လူဦးရေ ၃ ဘီလီယံခန့်အတွက် အဓိက ပရိုတင်း အရင်းအမြစ်ကို ပံ့ပိုးပေးပါသည်။
ကျန်းမာရေး။ နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုသကဲ့သို့ အစွမ်းထက်သော ဆေးဝါးများကို သစ်ပင်အမျိုးမျိုးမှ ရရှိနိုင်ပါသည်။ ယနေ့ခေတ်တွင် အသုံးပြုနေသော ကင်ဆာ ဆေးဝါး အားလုံး၏ ၇၀ ရာခိုင်နှုန်းကို သဘာဝတရားက ပံ့ပိုးပေးပြီး ဆေးဝါးများ၏ ရာခိုင်နှုန်းအများစုကို အပင်များ၊ မှိုများနှင့် ဘက်တီးရီးယားများ အပါအဝင် သဘာဝအရင်းအမြစ်များမှ ရရှိသည်ဟု သိရှိရသည်။ လူ (၄) ဘီလီယံသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် သဘာဝဆေးဝါးများကို အဓိက အားကိုးကြရလျက်ရှိသည်။ ပင်နီဆီလင် (Penicillin)သည် ကမ္ဘာပေါ်တွင် အရေး အကြီးဆုံး ပဋိဇီဝဆေးများထဲမှ တစ်ခုဖြစ်ပြီး မှို (Penicillium moulds) မှ ထုတ်လုပ်သည်။ သဘာဝဓာတုပစ္စည်းဖြစ်သည့် ပက်လီတဆဲလ် (Paclitaxel) သည် ကင်ဆာကုသဆေး တစ်မျိုး ဖြစ်ပြီး ကျောက်ထင်းရှူးပင် (Yew Tree) (Taxus brevifolia) အပင်၏ အခေါက်မှ ထုတ် လုပ်ခြင်းဖြစ်သည်။ မိုးမခပင် (Willow) ၏ သစ်ပင်အခေါက်တွင် ပါဝင်သော သဘာဝ ဓာတုဒြပ်ပေါင်း ဆလီစင် (Salicin) သည် ယနေ့ အက်စပရင် (Aspirin) ဆေး ဖွံ့ဖြိုးလာစေရန် အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ဖျားနာခြင်း၊ အဆစ် ရောင်ရမ်းခြင်း စသည့် ရောဂါများအတွက် အသုံးပြုလျက်ရှိသည်။ ပဋိဇီဝဆေးအများစုသည် မြေဆီလွှာမှ ဘက်တီးရီးယားများနှင့် မှိုများကို အခြေခံကာ ပြုလုပ်ထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှု။ ကမ္ဘာ့ ဂျီဒီပီ၏ ထက်ဝက်ကျော် (အမေရိကန် ဒေါ်လာ ၄၄ ထရီလီယံ) သည် သဘာဝတရားအပေါ် မြင့်မားစွာ မှီခိုနေရသည်။ အစိမ်းရောင်စီးပွားရေး (Green Economy)နှင့် ဇီဝစီးပွားရေး (Bioeconomy) လုပ်ငန်းနယ်ပယ်တို့သည် ဇီဝမျိုးစုံ မျိုးကွဲများပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ သဘာဝသစ်တောကြီးများနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများသည် အလုပ်အကိုင် သန်းပေါင်းများစွာကို ပံ့ပိုးပေးသည်။ ရေဝေရေလဲ ဒေသရှိ သစ်တော၊ သစ်ပင်များသည် မြေပေါ်၊ မြေအောက်ရေများကို သဘာဝအလျောက် စစ်ထုတ်သန့်စင်ပေးခြင်းသည် စက်ကိရိယာများဖြင့် စစ်ထုတ်ခြင်းလုပ်ငန်းအတွက် ကုန်ကျ စရိတ်များကို ဘီလီယံနှင့်ချီ၍ သက်သာစေပါသည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝခြင်းဖြင့် လူသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးကို တိုးတက်ကောင်းမွန်စေပြီး အပန်းဖြေရန်နှင့် စိတ်ဖိစီးမှုကို လျှော့ချရန် အခွင့်အလမ်း များနှင့် ကောင်းကျိုးချမ်းသာများ ရရှိစေပါသည်။
ဂေဟစနစ်ဝန်ဆောင်မှုများ။ ဇီဝမျိုးစုံမျိုးကွဲများသည် လေနှင့် ရေကို သန့်စင်ပေးခြင်း၊ ရေတွင် ပါဝင်နေသည့် အဆိပ်အတောက်နှင့် အညစ်အကြေးများ ဖယ်ရှားခြင်းနှင့် မြေဆီလွှာ ပိုမို ကောင်း မွန်စေရန် ဆောင်ရွက်ပေးသည်။ သန္တာကျောက်တန်းများသည် ကမ်းရိုးတန်းများကို ကာကွယ်ရန် လှိုင်းရိုက်ခတ်မှုကို ၉၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ ဒီရေတောများ၊ သန္တာကျောက်တန်း များနှင့် သစ်တောများသည် လေမုန်တိုင်းတိုက်ခတ်မှု၊ ကမ်းရိုးတန်းရေကြီးမှု၊ ဒီရေလှိုင်းများ၊ မြေပြိုခြင်း၊ ရေကြီးရေလျှံဖြစ်မှုနှင့် မိုးခေါင်ရေရှားမှုတို့ကို လျော့ပါးသက်သာစေရန် တားဆီး ကာကွယ်ပေးပါသည်။ ပင်လယ်နှင့် ကုန်းမြေဂေဟစနစ်များသည် လူသားများ ပယောဂကြောင့် ထုတ်လွှတ်သည့် ကာဗွန်ထုတ်လွှတ်မှု၏ ၅၀ ရာခိုင်နှုန်းကို စုပ်ယူဖယ်ရှားပြီး လေထုပူနွေး လာမှုနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးသည်။ မြို့ပြသစ်ပင်များ၊ သစ်တောများသည် အရိပ်ရစေပြီး ဒေသတွင်းလေထု အပူချိန်ကို ၈ ဒီဂရီဆဲလ်စီးယပ်စ်အထိ လျှော့ချပေးပြီး ရာသီဥတု မျှတ သာယာစေသည်။
ဇီဝမျိုးစုံမျိုးကွဲများလျော့ပါးပျောက်ကွယ်ခြင်းနှင့် အကျိုးဆက်များ
သက်ရှိလောကအတွက် မရှိမဖြစ် အရေးပါသော ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးခြင်း၊ အပင်နှင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ လျော့ပါးပျက်စီးခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့လာခြင်း၊ သစ်တောမြေမှ အခြား မြေသို့ အသုံးချမှုများ ပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း နှင့် သဘာဝအရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူအသုံးချခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့်အတူ လျော့ပါးဆုံးရှုံး ပျောက်ကွယ်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်း မျိုးစိတ်ပေါင်း ၁ သန်းခန့်သည် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့ရေဝပ်ဒေသများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရာစုနှစ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည်။
ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုများသည် သဘာဝတရားက ဖြည့်ဆည်းပေးစွမ်းနိုင်သော ပမာဏ၊ အကန့်အသတ်ထက် ပိုမိုများပြားလာပါက ကျန်းမာရေးနှင့် အစားအစာ စနစ်များ ပျက်စီးဆုံးရှုံးနိုင်ပြီး လူသားများအပေါ် ပြင်းထန်သော ဆိုးကျိုးသက်ရောက်မှုများ ကျရောက်လာ နိုင်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲစနစ်နှင့် ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးခြင်းကြောင့် လူသားများ၏ သဘာဝအတိုင်း တုံ့ပြန်နိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပြန်လည်နိုးထကောင်းမွန်လာစေမှုဆိုင်ရာ စွမ်းဆောင်ရည်များပါ လျော့နည်းဆုံးရှုံးလာပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင် ကြရသည်။
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကြိုးပမ်းဆောင်ရွက်မှုများ
သစ်တောဂေဟစနစ်များသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက် အခြေခံအကျဆုံး ဖြစ်သည့်အတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ကမ်းရိုးတန်း ဒီရေတောဂေဟစနစ်များ၊ တောင်ကုန်းတောင်ထိပ် တောကျဲပါးသော နေရာများနှင့် လမ်းဘေး ဝဲယာအရိပ်ရစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ အပါအဝင် သစ်တောစိုက်ခင်း အမျိုးမျိုးကို နိုင်ငံအဝန်း အရှိန်အဟုန်ဖြင့် တိုးမြှင့် တည်ထောင် စိုက်ပျိုးလျက်ရှိသည်။ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ တိုးချဲ့ ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့အချိန်ထိ ကြိုးဝိုင်းတော ဧက (၂၉.၆၈) သန်း၊ ကြိုးပြင်ကာကွယ်တော ဧက (၁၃.၉၈) သန်း၊ စုစုပေါင်း ဧက (၄၃.၆၆) သန်း (၂၆.၁၁ ရာခိုင်နှုန်း) ဖွဲ့စည်းပြီး ဖြစ်သကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ ဧရိယာ ဧက (၁၁.၀၂) သန်း (၆.၅၉ ရာခိုင်နှုန်း) ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသ ပြန်လည်တည်ထောင်ရေး စီမံကိန်း (၂၀၁၉-၂၀၂၉)ကို အကောင်အထည်ဖော်ဆောင်ရွက်နေ သကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ သယံဇာတများအပေါ် ခြိမ်းခြောက်မှုများကို စောင့်ကြည့် အစီရင်ခံတင်ပြနိုင်မည့် ဒေသခံပြည်သူအခြေပြု စောင့်ကြည့်သတင်းပို့စနစ် (Community Monitoring and Reporting Systems - CMRS) ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ကုလ သမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း (United Nations Convention on Biological Diversity-UNCBD)နှင့် ၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့သော ကူမင်း-မွန်ထရီယယ် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ မူဘောင် (Kunming-Montreal Global Biodiversity Framework-KMGBF) ရည်မှန်းချက် များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်နှင့်အညီ လူတိုင်း၏ နေ့စဉ်ဘဝ၊ အိမ်ထောင်စု တစ်စုချင်းဆီမှ စတင်ပြီး မိမိတို့ ရပ်ရွာ၊ ဒေသတွင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသ၊ မိမိတို့နိုင်ငံအတွက် သာမက ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ် တည်ငြိမ်မှု၊ ရာသီဥတုမျှတမှု၊ စားရေရိက္ခာဖူလုံရေးနှင့် သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေမည် ဖြစ်သည်။ ဥပမာ မိသားစုအလိုက် သစ်ပင် တစ်အုပ်တစ်မ စိုက်ပျိုးထိန်းသိမ်းခြင်း၊ အရိပ်ရပင် လေကာပင်များ စိုက်ပျိုးခြင်း၊ ကျေးငှက်များ၏ နားခိုရာ၊ အစာရှာရာ စားပင်သီးပင်များ စိုက်ပျိုး ထိန်းသိမ်းခြင်း၊ ဒေသအလိုက်ရှားပါး အဖိုးတန်သည့် ဆေးဖက်ဝင်ပင် အမျိုးမျိုး၊ သစ်ခွအမျိုးမျိုး၊ ဒေသမျိုးရင်း ပန်းပင်အမျိုးမျိုးတို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဒေသမျိုးရင်း ကောက်ပဲသီးနှံများနှင့် သီးပင်စားပင် မျိုးစိတ်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာအလိုက် သစ်တောများ ထိန်းသိမ်းခြင်း၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ၊ ငါး၊ ပုစွန်၊ ကဏန်းတို့၏ နေရင်းဒေသဖြစ်သော ရေဝပ်ဒေသများထိန်းသိမ်းခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။ တစ်ဦးတစ်ယောက်ချင်းစီက မိမိတို့၏ ရပ်ရွာအဆင့်၊ ဒေသအဆင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် ပါဝင် ကြပါစို့ ဟု တိုက်တွန်းနှိုးဆော်လျက် “အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိူးကွဲထိန်းသိမ်းရေးနေ့” ကို ဂုဏ်ပြုအပ်ပါသည်။





