“ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်းထုတ်လုပ်ခြင်းသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန (KFS) တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော “ကိုရီးယား-မြန်မာ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (FD-KFS REDD+ Project)” အစီအစဉ်ဖြင့် “ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်း ထုတ်လုပ်ခြင်းသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို (၂၄.၆.၂၀၂၄) ရက်နေ့ နံနက် (၈:၀၀) နာရီတွင် သစ်တောသုတေသနဌာန စုဝေးခန်းမ၊ ရေဆင်း၊ နေပြည်တော်၌ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ သင်တန်း ဆင်းအမှာ စကားပြောကြားပါသည်။
ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းသည် ကိုရီးယား-မြန်မာ REDD+ စီမံကိန်း လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းအတွက် ဖွင့်လှစ်သောသင်တန်းဖြစ်ပါကြောင်း မြန်မာနိုင်ငံ၏ (၇၀)ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် ကျေးလက်ဒေသဖွံဖြိုးရေး အတွက် နိုင်ငံတော်က စွမ်းစွမ်းတမံဆောင်ရွက်နေသည့် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကျေးလက်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရရှိပြီး လူမှုစီးပွားတိုးတက် မြင့်မားရေးသည် အလွန် အရေးကြီးပါကြောင်း၊ အများအားဖြင့် ကျေးလက်ပြည်သူများသည် နေ့စဉ်လူနေဘဝအတွက် သစ်တောသယံဇာတများအပေါ် မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုကြရပါကြောင်း၊ သစ်တော သယံဇာတများသည် အကန့်အသတ်ဖြင့် ရှိနေခြင်းဖြစ်၍ ထုတ်ယူသုံးစွဲရာတွင်လည်း သားစဉ် မြေးဆက် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စနစ်တကျထုတ်ယူ သုံးစွဲတတ်ရန် လိုအပ်ပါကြောင်း၊ သစ်တောများ ပြုန်းတီးမှုကြောင့် ယနေ့အချိန်တွင် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး သဘာဝဘေးအန္တရာယ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း သစ်တောဦးစီးဌာနအနေဖြင့် သစ်တောပြန်လည်တည်ထောင်ရေး လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင် ကျေးလက် ပြည်သူတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်သကဲ့သို့ သစ်တောသယံဇာတများကို စနစ်တကျသုံးစွဲတတ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်သည့်စွမ်းရည်များ ပြည့်ဝစေပြီး သစ်တောအပေါ်မှီခိုမှုနည်းနိုင်သမျှ နည်းစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွား လာစေပြီး လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားတတ်မြောက်ခဲ့သော ပညာရပ်များကို ပိုမိုတိုးတက် အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆက်လက်ကြိုးပမ်းလေ့လာကြရန်နှင့် စီးပွားဖြစ်ထုတ်ကုန် များ ထုတ်လုပ်နိုင်ပြီး လူနေမှုအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၆.၂၀၂၄) ရက်နေ့မှ (၂၄.၆.၂၀၂၄) ရက်နေ့အထိ (၈) ရက်ကြာမြင့်ခဲ့ပြီး ပြည်သူသင်တန်း သား/ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။

date: 
Monday, June 24, 2024 - 11:30