မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့
မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့
သစ်တောမောင်
အပူချိန်မြင့်မားလာမှု
ယခုနှစ် ကုန်ပိုင်း (အောက်တိုဘာလမှ ဖေဖေါ်ဝါရီလ) တွင် အလွန်အားကောင်းသော စူပါ အယ်လ်နီညို (El Niño) အဆင့်ထိရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်လာက ၂၀၂၆ ခုနှစ် နှင့် ၂၀၂၇ ခုနှစ် တို့သည် ကမ္ဘာ့သမိုင်း တစ်လျောက် အပူဆုံးနှစ် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ မြန်မာနိုင်ငံတွင် လက်ရှိနှစ်များအတွင်း အပူချိန်တိုးလာခြင်း၊ ပူပြင်းခြောက်သွေ့လာခြင်းနှင့် အယ်လ်နီညို (El Niño) ဖြစ်စဉ်များ၏ သက်ရောက်မှုများသည် ပိုမိုထင်ရှားလာလျက်ရှိသည်။ အထူးသဖြင့် ချောက်၊ မင်းဘူး၊ မြင်းမူ၊ ညောင်ဉီး အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများ တွင် အပူချိန်မြင့်မားမှုဒဏ်ကို ပိုမိုခံစားကြရသည်။ အပူပိုင်းဒေသ (၁၃)ခရိုင်သည် မူလကပင် မိုးနည်းပြီး ခြောက်သွေ့သော ဒေသများဖြစ်သဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုတို့ ပေါင်းစပ် သက်ရောက် လာပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ် လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍ အသီးသီးအပေါ် ဆိုးကျိုး သက်ရောက်မှုများ ရှိလာနိုင်သည်။ ထို့ကြောင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကို ကာကွယ်နိုင် ရန် နည်းလမ်းစုံဖြင့် ကြိုတင်ပြင်ဆင် ထားကြရမည်ဖြစ်သည်။
အနောက်တောင်မုတ်သုံလေ
အနောက်တောင်မုတ်သုံလေသည် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ စိုထိုင်းသောလေထုများကို သယ်ဆောင်လာသော မိုးရာသီလေဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများတွင် မိုးရွာသွန်းမှု၏ အဓိကအရင်းအမြစ် ဖြစ်ပါ သည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ နှစ်စဉ်မိုးရေချိန် အများစုကို သယ်ဆောင်လာပြီး နိုင်ငံတစ်ဝန်း မိုးများစွာ ရွာသွန်းစေပါသည်။ မြေသားကို စိုစွတ်စေကာ သစ်ပင်များ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးပါသည်။ ပတ်ဝန်းကျင် ကိုလည်း စိမ်းလန်းစိုပြည်စေပါသည်။ ယင်းမုတ်သုံလေသည် နှစ်စဉ် မေလခန့်မှ စက်တင်ဘာလ အထိ တိုက်ခတ်လေ့ရှိပြီး စိုက်ပျိုးရေး၊ သစ်တောနှင့် ရေသယံဇာတများအတွက် အလွန်အရေး ပါပါသည်။
သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်
အနောက်တောင်မုတ်သုံလေကြောင့် မိုးရွာသွန်းလာသောအခါ မြေဆီလွှာသည် စိုစွတ် ပျော့ပြောင်းလာပြီး သစ်ပင်ပျိုးပင်များ၏ အမြစ်များ လွယ်ကူစွာ ထိုးဖောက်ကြီးထွား နိုင်ပါသည်။ မုတ်သုံမိုးနှင့်အတူ သစ်ပင်များ အချိန်ကိုက် စိုက်ပျိုးနိုင်ခြင်းကြောင့် မိုးရေမှ သဘာဝအတိုင်း ရေရရှိပြီး အစိုဓာတ်ရရှိသဖြင့် ပျိုးပင်၊ စိုက်ပင်များ ရှင်သန်နှုန်းလည်း မြင့်မားပါသည်။ ရေသွင်း၊ ရေလောင်း စရိတ်သက်သာခြင်း၊ မြေဆီလွှာတိုက်စားမှု လျော့နည်းခြင်း၊ သဘာဝအပူချိန် လျော့ကျစေခြင်း၊ အပင်ကြီးထွားနှုန်း ကောင်းမွန်ခြင်း၊ အစိမ်းရောင် ဖုံးလွှမ်းမှု တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။ ထို့ကြောင့် မုတ်သုံရာသီကို “သစ်ပင်စိုက်ပျိုးရေး ရာသီ” ဟု ခေါ်ကြပါသည်။
ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု၊ အပူချိန် မြင့်တက်လာမှု၊ ရေရှားပါးမှု၊ မြေဆီလွှာ ပျက်စီးမှုနှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုများပြား လာနေသည့်အချိန်တွင် သစ်ပင်စိုက်ပျိုး ခြင်းသည် အနာဂတ်အတွက် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာပါသည်။ မြန်မာ့ရိုးရာ စကားပုံတစ်ခုတွင် "မြေဆီစိုခိုက် သစ်ပင်စိုက်"ဟု ဆိုရိုးရှိသည်။ မုတ်သုံမိုး ရွာသွန်းချိန်သည် ကား မြေဆီလွှာများ ရေဓာတ်ပြည့်ဝပြီး အပင်ငယ်များ အမြစ်တွယ်ရန်၊ ရှင်သန်ကြီးထွားရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံး အချိန်အခါသမယ ဖြစ်ပါသည်။ မုတ်သုံမိုးနှင့်အတူ သစ်ပင် စိုက်ပျိုးခြင်းသည် သဘာဝနှင့် ကိုက်ညီသည့် အကောင်းဆုံး လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေစိမ်းလန်းစိုပြည်ရန်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ တည်ငြိမ်စေ ရန် မုတ်သုံမိုးနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တစ်ခဲနက် ဆောင်ရွက်ကြရမည့် အချိန် ပင် ဖြစ်ပါသည်။
သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ
ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်များသည် လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင် ထုတ်ပေးသဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချပေးနိုင်ပါသည်။ သစ်တောများသည် သဘာဝ ကာဗွန်သိုလှောင်ကန် (Carbon Sink)များ ဖြစ်ပြီး ရာသီဥတုမျှတ တည်ငြိမ်ရေးအတွက် အရေးပါသည်။ သစ်ပင်၊ သစ်တောများသည် ကမ္ဘာ ပေါ်ရှိ ကုန်းသတ္တဝါများ၊ တောရိုင်းတိရစ္ဆာန်များ၊ ငှက်နှင့် အင်းဆက်ပိုးမွှားများ အပါအဝင် မျိုးစိတ်ပေါင်း ၈၀ ရာခိုင်နှုန်းကျော်၏ မှီတင်းနေထိုင်ရာ အိမ်ဂေဟာ ဖြစ်ပါသည်။ သစ်တော များကို ထိန်းသိမ်းခြင်းဖြင့် မျိုးသုဉ်းလုနီးပါး သားငှက်တိရစ္ဆာန်များကို ကာကွယ်ပေးနိုင်ပါသည်။
ရေအရင်းအမြစ် ထိန်းသိမ်းခြင်းဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်၊ သစ်တောများသည် မိုးရေ ကို ဖမ်းယူစုပ်ယူထားပြီး မြေအောက်ရေလွှာကို ပြန်လည်ဖြည့်တင်းပေးကာ မြစ်၊ ချောင်း၊ အိုင်၊ သောက်ရေတွင်းများသို့ တစ်နှစ်ပတ်လုံး ရေကြည်ရေသန့် စီးဆင်းစေရန် ထိန်းညှိပေးသည်။ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေစီးဆင်းမှုနှုန်းကို လျှော့ချပေးနိုင်သဖြင့် ရုတ်တရက်ရေကြီး ခြင်း (Flash Floods) ကို ကာကွယ်ပေးသကဲ့သို့ ခြောက်သွေ့ရာသီတွင် လည်း ရေငွေ့ပြန်ခြင်း အားဖြင့် ပတ်ဝန်းကျင်ကို စိုစွတ်စေပြီး မိုးခေါင်ရေရှားမှုကို သက်သာစေပါသည်။ သစ်ပင်များ၏ အမြစ်စနစ်သည် မြေဆီလွှာကို မြဲမြံစွာ ဆွဲကိုင်ထားပြီး မိုးရေကြောင့် မြေသားပြုန်းတီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ တောင်ပြိုခြင်းနှင့် မြစ်ချောင်းများ သဲနုန်းတင်ခြင်း၊ မြေဆီလွှာတိုက်စားမှုများကို တိုက်ရိုက် ကာကွယ်ပေးပါသည်။ ထို့ပြင် မြေအောက်ရေ ပြန်လည်ဖြည့်တင်းနိုင်ရန်လည်း အထောက် အကူပြုပါသည်။
လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူးများ။ ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်းပေါင်းများစွာသည် သစ်တောကဏ္ဍ အပေါ်တွင် မှီခိုပြီး အသက်မွေးနေကြရသည်။ နေအိမ်ဆောက်လုပ်ရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးတို့အတွက် လိုအပ်သော သစ်၊ ဝါး၊ ကြိမ် တို့အပြင် နေ့စဉ်ချက်ပြုတ်ရန် ထင်း၊ မီးသွေးနှင့် အဖိုးတန် သစ်တောထွက်ပစ္စည်းများကို ပံ့ပိုးပေးပါသည်။ သစ်တောများမှ ရိုးရာ တိုင်းရင်းဆေးများ အတွက် ဆေးဖက်ဝင်အပင်များ၊ သဘာဝမှို၊ မျှစ်၊ သစ်သီးဝလံများ၊ ငှက်သိုက် နှင့် ပျားရည်ကဲ့သို့သော အဟာရဓာတ်ပြည့်ဝသည့် အစားအစာများကို ပံ့ပိုးပေးပါ သည်။
ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်များသည် လေထုထဲရှိ ဖုန်မှုန့်များ၊ မီးခိုးငွေ့များနှင့် နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ် ကဲ့သို့သော အဆိပ်ငွေ့ များကို စုပ်ယူဖယ်ရှားပေးပြီး သန့်ရှင်းသော အောက်ဆီဂျင်ကို ထုတ်လုပ်ပေးသဖြင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကို လျှော့ချပေးသည်။ သစ်ပင်များသည် အရိပ်ရစေခြင်း၊ လေကောင်းလေသန့် ရရှိစေခြင်း၊ အပူချိန် လျှော့ချပေးခြင်းနှင့် မြို့ပြ အလှတရား တိုးတက်စေ ပါသည်။
သစ်တောများနှင့် စိမ်းလန်းသော ပတ်ဝန်းကျင်သည် လူသားတို့၏ စိတ်ဖိစီးမှု (Stress)၊ သွေးတိုးရောဂါနှင့် စိုးရိမ်ပူပန်မှုများကို သိသိသာသာ လျော့ကျစေပြီး စိတ်ကြည် လင်လန်းဆန်းမှု ကို ပေးစွမ်းနိုင်ကြောင်း ဆေးပညာအရ သက်သေပြထားသည်။ သစ်ပင်ကြီး များ ထူထူထပ်ထပ် ရှိသည့်နေရာများသည် သစ်ပင်မရှိသည့် မြို့ပြ ကွန်ကရစ် နေရာများထက် အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ် အထိ ပိုမိုအေးမြပါသည်။ အိမ်ခြံဝန်း အတွင်းနှင့် ကျေးရွာ၊ ရပ်ကွက်များတွင် သစ်ပင်များ စိုက်ပျိုးထား ခြင်းဖြင့် သက်ကြီး ရွယ်အို များ အပူဒဏ်ရှောင်ရှား နားခို နိုင်ပြီး အေးမြသည့် လေကောင်းလေသန့်ကို ရရှိကာ စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာပါ ဘေးကင်းလုံခြုံမှုကို ရရှိစေပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်း သည် ထာဝရကုသိုလ် ပြုခြင်းဖြစ်ပြီး ဇရပ်တန်ဆောင်း ဂူကျောင်း ပြဿဒ် နှင့်အခြား ထာဝရကုသိုလ် များကဲ့သို့ တူညီသော ကုသိုလ်ကို ရရှိခံစားနိုင်ကာ အသက်ရှည် ကျန်းမာကုသိုလ် အကျိုးထူး တို့ကိုလည်း ရရှိနိုင် ပါသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံး စိမ်းလန်းစေဖို့
၂၀၂၅ ခုနှစ်၊ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာမှုများအရ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂.၁၅ ရာခိုင်နှုန်း (ဧရိယာဧက ၇၀.၄၇ သန်း) ရှိသည်။ လက်ရှိနှင့် အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအတွက် သစ်တော သယံဇာတများ ရေရှည် တည်တံ့စေရေး၊ ရာသီဥတုမျှတကောင်းမွန်ရေး၊ ဂေဟစနစ် ဝန်ဆောင်မှုများ တိုးပွားလာစေ ရေးအတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းထိ တိုးလာစေရန် စီမံကိန်းများ ချမှတ်အကောင် အထည်ဖေါ် ဆောင်ရွက် လျက်ရှိသည်။ သဘာဝတောများကို စနစ်တကျစီမံ အုပ်ချုပ်နေသကဲ့သို့ တောနိမ့်၊ တောကျဲပါးသော နေရာများတွင်လည်း သစ်တောစိုက်ခင်း အမျိုးမျိုးကို အရှိန်အဟုန်မြှင့်တင် တည်ထောင်စိုက်ပျိုးလျက်ရှိသည်။
သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနနှင့် မြန်မာ့ သစ်လုပ်ငန်း တို့ အနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ အတွင်း သစ်တောစိုက်ခင်းမျိုးစုံ ဧရိယာဧက (၃၀,၃၃၉) ဧက၊ အပင်ပေါင်း(၂၁.၃၆)သန်းကို လျာထားစိုက်ပျိုးလျက်ရှိပါသည်။ အပူပိုင်းဒေသ(၁၃)ခရိုင်နှင့် နွေရာသီတွင် အပူချိန်မြင့်မားခဲ့သည့် မြို့နယ်များ အပါအဝင် သစ်ပင်များစိုက်ပျိုးရန် အထူးလိုအပ် လျက်ရှိသော မြို့နယ်များ၊ နေရာဒေသများတွင် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းနှင့် နိုင်ငံတော် ပိုင် သစ်တောစိုက်ခင်း ဧရိယာဧက (၁၇,၇၃၉ ဧက)၊ အပင်ပေါင်း (၉.၇၄ သန်း)လျာထား စိုက်ပျိုး လျက်ရှိသည်။ အာဆီယံလမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ အမြန်လမ်းမကြီးများ၊ ခရိုင်ချင်း ဆက်လမ်းများ၊ ကျေးရွာခြင်းဆက်လမ်းများနှင့် ရထားလမ်းဘေးဝဲယာတို့တွင်လည်း အရိပ်ရပြီး စိမ်းလမ်းစိုပြည်စေရန် အပင်ပေါင်း (၄၀၃,၃၄၈ ပင်) လျာထားစိုက်ပျိုး လျက်ရှိပါသည်။
သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ သစ်တောသစ်ပင်ထိန်းသိမ်းရေး အသိစိတ်ဓာတ် များ ပိုမိုမြင့်မားလာစေရေးနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများတွင် ပိုမို ပူးပေါင်းပါဝင် လာစေရန် အတွက် ကျန်းမာကြံ့ခိုင်သည့် ၂ နှစ်သား၊ အမြင့်ပေ ၂ ပေအထက် ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေး လျက်ရှိရာ ယခုနှစ်တွင် ပျိုးပင်(၇.၈၁ သန်း)ကျော် လျာထား ဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အားပေး ကူညီပံ့ပိုးပေး လျှက်ရှိပါသည်။ ယခုနှစ် မိုးလရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း (၃၀၆ ကြိမ်)၊ ပျိုးပင်ပေါင်း (၂၅၁,၃၄၀ ပင်)လျာထား စိုက်ပျိုး လျက်ရှိပါသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်း
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင် အတွက် သာမက ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် လူသားတို့၏ အနာဂတ်ကို ကာကွယ်ခြင်း လည်း ဖြစ်ပါသည်။ သစ်တောများသည် ပြည်သူလူထု၏ နေ့စဉ်ဘဝ၊ အသက်မွေးဝမ်းကျောင်းမှု၊ ရေနှင့် စားရေရိက္ခာဖူလုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုသည် အရေးကြီးဆုံး အချက်တစ်ရပ်ဖြစ်သည်။ ပြည်သူတစ်ဉီးတစ်ယောက်ချင်းစီမှ စတင် ပြီး သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများတွင် အောက်ပါအတိုင်း ပူးပေါင်းပါဝင်နိုင်ပါသည်-
ကျောင်းသား၊ကျောင်းသူများ သစ်ပင်စိုက်ပျိုးခြင်း။ ကျောင်းဖွင့်ရာသီ မုတ်သုံမိုးဦးကာလတွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၌ "သစ်ပင်စိုက်ပျိုးပွဲများ" ကျင်းပကာ ကျောင်း သား၊ ကျောင်းသူများက မိမိတို့စိုက်ပျိုးသော အပင်ကို မိမိတို့ကိုယ်တိုင် ရှင်သန်အောင် ပြုစုပျိုးထောင် သည့် အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျောင်းပတ်ဝန်း ကျင် စိမ်းလန်း စိုပြေ စေရေး အရိပ်ရအပင်များ၊ စားပင်သီးပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ မိသားစုအလိုက် သစ်ပင် စိုက်ပျိုးခြင်း။ မိမိတို့၏ မွေးနေ့အထိမ်းအမှတ်၊ မင်္ဂလာအထိမ်းအမှတ်၊ သားသမီးရတနာ ထွန်းကားသည့် အထိမ်းအမှတ် စသည်ဖြင့် အထိမ်းအမှတ်နေ့များတွင် သစ်ပင်များ စိုက်ပျိုးခြင်း ကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် အိမ်ထောင်စုအလိုက် မိမိတို့၏ အိမ်၊ ခြံဝန်း နှင့် လယ်၊ ယာကန်သင်းများတွင် စားပင်၊ သီးပင်၊ အရိပ်ရ အပင်များ၊ လေကာတန်းပင်များ၊ တစ်အုပ်တစ်မ စိုက်ခင်းများ၊ သီးနှံသစ်တောရောနှော စိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း ဆောင်ရွက်နိုင် ပါသည်။
ကျေးရွာလူထုဖြင့်သစ်ပင်စိုက်ပျိုးခြင်း။ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးတည် ထောင်ခြင်း၊ ကျေးရွာလမ်း၊ ကျေးရွာချင်းဆက်နှင့် ခရိုင်ချင်းဆက် လမ်းဘေးဝဲယာများတွင် အရိပ်ရ အမြဲစိမ်း သစ်ပင်များ စိုက်ပျိုးခြင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးခန်း၊ ကျေးရွာပိုင် မြေကွက်လပ် များတွင် အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာအနီး သစ်တောကျဲပါးသော တောင်ကုန်း၊ တောင်ထိပ်များတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ စမ်းချောင်းများ၊ ရေကန် များ ပတ်လည်နှင့် သဘာဝရေထွက်များတွင် ရေဝေရေလဲထိန်းသိမ်းရေးအတွက် သစ်ပင်များ စိုက်ပျိုးခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။
မြို့ပြသစ်တောများတည်ထောင်ခြင်း။ ရပ်ကွက်၊ မြို့ပြ လမ်းဘေးဝဲယာများတွင် အရိပ်ရ အမြဲစိမ်း သစ်ပင်များ၊ သင်းရနံ့မွှေးပျံ့သော အပင်များ၊ ရာသီအလိုက် ရောင်စုံဖူးပွင့်သော အပင်များ စိုက်ပျိုးခြင်း၊ မြို့ပြသစ်တောများ (Urban Forest)နှင့် ဥယျာဉ်ငယ်များ၊ ပန်းခြံများ၊ အစိမ်းရောင် လွင်ပြင်များ ဖန်တီးတည်ထောင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
လူမှုရေးအသင်းအဖွဲ့များနှင့်ကုမ္ပဏီများ၏လူမှုအကျိုးပြုလုပ်ငန်းများ။ ပရဟိတ အသင်း အဖွဲ့ များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများက မိမိတို့၏ လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility - CSR) တစ်စိတ်တစ်ပိုင်းအဖြစ် သစ်ပင်စိုက်ပျိုးပွဲများ စုပေါင်းဆင်နွှဲခြင်း၊ ဂေဟစနစ်ပြန်လည်တည်ထောင်ရေး စိုက်ခင်းများ စိုက်ပျိုး တည်ထောင် ခြင်း တို့ ဆောင်ရွက်နိုင်ပါသည်။
အသိပညာပေးရေးလှုပ်ရှားမှုများ။ လူငယ်များအနေဖြင့်လည်း သဘာဝထိန်းသိမ်းရေးတွင် အရေး ပါသော အင်အားစုများ ဖြစ်ကြသဖြင့် သစ်ပင်စိုက်ပျိုးရေးကိုယ်တိုင် ပါဝင်ဆောင်ရွက် နိုင်သကဲ့သို့ ဆိုရှယ်မီဒီယာများမှ တစ်ဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး အသိပညာပေးရေး လှုပ်ရှားမှုများ၊ အစိမ်းရောင် လှုပ်ရှားမှုများအဖြစ် ပြည်သူလူထု ပိုမို ပူးပေါင်း ပါဝင်လာစေရန် လှုံ့ဆော်စည်းရုံး ဆောင်ရွက်နိုင်ပါသည်။
မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့
မိုးရာသီသစ်ပင်များ စိုက်ပျိုးရာတွင် “တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေး” အတွက် စိုက်ပျိုးသည့် ရည်ရွယ်ချက်၊ စိုက်ပျိုးမည့် နေရာဒေသ၊ ရေ၊မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော ဒေသမျိုးရင်း သစ်မျိုးများကို အလေးထား ရွေးချယ်ပြီး နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးကြ ရမည်ဖြစ်သည်။ ဥပမာ ပူပြင်း ခြောက်သွေ့မှုဒဏ်ခံနိုင်သော သစ်မျိုးများ၊ ကြီးမြန် အမြဲစိမ်း သစ်မျိုးများ၊ အရိပ်ကောင်းစွာ ပေးစွမ်းနိုင်သည့် အမြဲစိမ်းသစ်မျိုးများ၊ လေပြင်းမုန်တိုင်း တိုက်ခိုက်မှုဒဏ် ခံနိုင်ရည်ရှိသော အပင်မျိုးများ၊ မြေဆီလွှာ ထိန်းသိမ်းနိုင်သည့်သစ်မျိုးများ၊ ရေရှည်တွင် မြို့ပြဖွံ့ဖြိုးမှုကို ထိခိုက်မှုမရှိစေနိုင်သည့် သစ်မျိုးများ၊ ရတနာတန်းဝင် အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်သောသစ်မျိုးများ၊ မျက်စိပသာဒ ဖြစ်စေမည့် သစ်မျိုးများ၊ စသည်ဖြင့် စနစ်တကျ ရွေးချယ်ကာ စိုက်ပျိုးကြရပါသည်။
စိုက်ပျိုးမည့် မြေနေရာကို စနစ်တကျ မြေပြုပြင် ဆောင်ရွက်မှု၊ မြေအစိုဓာတ်လုံ လောက်စွာရရှိမှု၊ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုတို့သည် အဓိက ကျပါသည်။ ထို့အပြင် အောင်လုံ သော သစ်စေ့များနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပျိုးထောင်မှု၊ ပျိုးပင်များ ကြံခိုင်သန်းစွမ်းမှု၊ နေရာဒေသ အပေါ်မူတည်၍ စိုက်မည့်ကျင်း အရွယ်အစား မှန်ကန်မှု၊ ပန္နက်အကွာအဝေး နှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှု၊ မြေဆီအဟာရ ပြည့်ဝစေရန်အတွက် လိုအပ်သည့် သွင်းအားစုများ ထည့်သွင်းမှုတို့ကို အထူးအလေးထား ဆောင်ရွက်ရမည် ဖြစ်ပါသည်။ စိုက်ပျိုးပြီး နောက်ပိုင်း တွင်လည်း ရာသီအလိုက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ မြေစိုဓာတ် ထိန်းသိမ်းခြင်း၊ ကျွဲနွား တိရစ္ဆာန်များ ဖျက်ဆီးခြင်း မရှိစေရန် ကာကွယ်ခြင်း စသည့် ပြုစုထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြမှ သာ စိုက်သမျှအပင်များ ကောင်းမွန်စွာ ရှင်သန်မည် ဖြစ်ပါသည်။ မကြာမီ မြန်မာနိုင်ငံ တစ်ဝန်း လုံး အနောက်တောင် မုတ်သုံလေနှင့်အတူ မုတ်သုံမိုးတို့ မိုးဖြိုင်ဖြိုင်ရွာသွန်းတော့မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်ဖို့ “မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့” ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


