၂၀၂၆ ခုနှစ်မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်များတွင် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားများကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်းကျင်းပ
၂၀၂၆ ခုနှစ်မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၁၃-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ် (၁)တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မဟော်ဂနီပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင်တည်းတစ်ပျော်တစ်ပါးစိုက်ပျိုးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် မိုးရာသီနိုင်ငံတော်အဆင့် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တစ်ပျော်တစ်ပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပန်းပွင့်သောသစ်မျိုးများဖြစ်ကြသည့် ကံ့ကော်၊ ခရေ၊ ပန်းမယ်ဇလီ၊ စိန်ပန်း၊ ပျဉ်းမ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ယင်းမာ၊ ဆီသပြေ၊ မအူ၊ မာလာလူးကား၊ ယမနေ၊ ရေတမာ စသည့်သစ်မျိုး (၁၆) မျိုး၊ အပင်ပေါင်း ၃,၀၀၀ ပင်ကို စိုက်ပျိုးခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်များတွင်လည်း သစ်ပင်စိုက်ပျိုးပွဲတော်များကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တပြိုင်နက်တည်း ကျင်းပ၍ သစ်မျိုးစုံ အပင်ပေါင်း (၅၄,၈၁၀) ပင် စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။





