သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
“ကမ္ဘာ့သဲကန္တာ ဖြစ်ထွန်းမှုနှင့်မိုးခေါင်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ဆောင်းပါး
သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
သစ်တောမောင်
ကမ္ဘာ့သဲကန္တာ ဖြစ်ထွန်းမှုနှင့်မိုးခေါင်မှုတိုက်ဖျက်ရေးနေ့
သဲကန္တာရဖြစ်ထွန်းမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံး ပျောက်ကွယ် ခြင်းများကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention on Combating Desertification-UNCCD)” ကို တည်ထောင်ခဲ့ပြီး ဆုံးဖြတ်ချက်အမှတ် A/RES/49/115 ဖြင့် နှစ်စဉ် ဇွန်လ (၁၇) ရက်နေ့ကို “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်မှုတိုက်ဖျက်ရေးနေ့” “World Day to Combat Desertification and Drought" ဟု သတ်မှတ်ခဲ့ပါသည်။ “Desertification and Drought Day” ဟူ၍လည်း ခေါ်ဝေါ်ကြပြီး သဲကန္တာရ ဖြစ်ထွန်းလာခြင်း၊ မြေယာယိုယွင်းပျက်စီးခြင်းနှင့် မိုးခေါင်ရေရှားခြင်း နောက်ဆက်တွဲ အကျိုးဆက်များကို တားဆီးကာကွယ်ရန်နှင့် အသိပညာပေးရန် ရည်ရွယ်ပါသည်။ မြေယာ ပြန်လည်ပြုစု ပျိုးထောင် ခြင်း၊ မိုးခေါင်ရေရှားမှုဒဏ် ကြံ့ကြံ့ခံနိုင်ခြင်းနှင့် ရေရှည်တည်တံ့သော အနာဂတ်ဖန်တီးခြင်းကို အဓိက ဦးတည်ထားသည်။ ယခုနှစ် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့” အတွက် အဓိက ဆောင်ပုဒ်မှာ "စားကျက်မြေများကို အသိအမှတ်ပြုပါ၊ လေးစားပါ၊ ပြန်လည်စိုက်ပျိုး ထိန်းသိမ်းပါ။” (Rangelands: Recognize. Respect. Restore) ဟူ၍ ဖြစ်သည်။
သဲကန္တာရဖြစ်ထွန်းမှု ဆိုသည်မှာ
သဲကန္တာရဖြစ်ထွန်းမှု (Desertification) ဆိုသည်မှာ ရှိပြီး သဲကန္တာရ နယ်နိမိတ်ဘေးပတ် ဝန်းကျင်သို့ ဧရိယာကျယ်ပြန့်လာခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ပူပြင်းခြောက်သွေ့သော သို့မဟုတ် မိုးရွာသွန်းမှု နည်းပါးသော ဒေသများရှိ မြေယာများသည် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုနှင့် လူသားတို့၏ စနစ်မကျသော လုပ်ဆောင်ချက်များကြောင့် မြေဆီလွှာ၏ ထုတ်လုပ်နိုင်မှု စွမ်းအားများအားလုံး ဆုံးရှုံးပြီး သဲကန္တာရကဲ့သို့ အသုံးပြုမရတော့သော မြေရိုင်း များအဖြစ် ပြောင်းလဲသွားသည့် ဖြစ်စဉ်ဖြစ်သည်။ သဲကန္တာရဖြစ်ထွန်းမှု ဖြစ်ပွားနေ ပြီဖြစ် ကြောင်း သိရှိနိုင်မည့် အဓိက စရိုက်လက္ခဏာများကို အောက်ပါအတိုင်း စိစစ်ခွဲခြားနိုင်ပါသည် -
ရာသီဥတုဆိုင်ရာ လက္ခဏာများ။ လေထုနှင့် မြေထု အပူချိန်မြင့်မားခြင်း၊ အပူချိန် အတက်အကျလွန်ကဲခြင်း၊ မြေဆီလွှာ ရေငွေ့ပျံမှုနှုန်း မြင့်မားခြင်း၊ စိုထိုင်းဆ အလွန် နည်းပါးခြင်း၊
မြေဆီလွှာနှင့် မြေမျက်နှာပြင်ဆိုင်ရာ လက္ခဏာများ။ အပေါ်ယံ မြေဆီလွှာ တိုက်စား ခြင်း၊ မြေဆီလွှာ အာဟာရ ခန်းခြောက်ခြင်း၊ မြေကွဲအက်ခြင်းနှင့် မာဆတ်လာခြင်း၊ မြေငန်ဆားပေါက်ခြင်း၊ သဲခုံ၊ သဲလွှာများ ဖုံးလွှမ်းလာခြင်းနှင့် လျှိုမြောင် ကွဲကြီးများ ကွန်ရက်သဖွယ် ဖြစ်ပေါ်လာတတ်ခြင်း၊
ဇီဝမျိုးစုံမျိုးကွဲနှင့် အပင်ဆိုင်ရာ လက္ခဏာများ။ အပင်ပေါက်ရောက်မှု၊ သစ်တောဖုံးလွှမ်း မှုလျော့နည်းခြင်း၊ ချုံနွယ် ပေါင်းပင်များ အစားထိုးလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းကွယ်ပျောက်ခြင်း၊
ရေအရင်းအမြစ်ဆိုင်ရာ လက္ခဏာများ။ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ် ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မြေအောက် ရေမျက်နှာပြင် နိမ့်ဆင်းခြင်း၊ မြေအောက်သို့ ရေပြန်လည်ဖြည့်တင်းမှု မရှိတော့ဘဲ ရေတွင်း၊ ရေကန်များ သိသိသာသာ ခန်းခြောက်လာကာ ရေရရှိရန် ပိုမိုနက်ရှိုင်းစွာ တူးဖော်ရခြင်း၊ မျက်နှာပြင် ရေစီးကြောင်းများ ခန်းခြောက်ခြင်း။
လူမှုစီးပွားဆိုင်ရာ လက္ခဏာများ။ လယ်ယာမြေများ စိုက်ပျိုး၍ မရတော့ဘဲ စွန့်ပစ် လိုက်ရခြင်း၊ ကျေးလက်နေပြည်သူများ ဆင်းရဲမွဲတေမှုနှုန်းမြင့်မားလာခြင်း၊ အလုပ် အကိုင်အတွက် မြို့ကြီးများသို့ အစုလိုက် အပြုံလိုက်ရွှေ့ပြောင်းကြရခြင်း။
သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှု အကျိုးဆက်များ
သဲကန္တာရဖြစ်ထွန်းမှု(Desertification)နှင့် မိုးခေါင်ရေရှားမှု (Drought)တို့သည် လူသား တို့၏ စားရေရိက္ခာဖူလုံရေးနှင့် ဂေဟစနစ်တည်ငြိမ်ရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု များဖြစ်လာခဲ့သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာသုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် များအရ -
ကမ္ဘာ့ ကုန်းမြေဧရိယာ စုစုပေါင်း ၏ ၄၀ ရာခိုင်နှုန်းကျော်သည် ပျက်စီးယိုယွင်းလျက် ရှိပြီး အဆိုပါ မြေယာပျက်စီးမှုများကြောင့် ကမ္ဘာ့လူဦးရေ ၃.၂ ဘီလီယံကျော်၏ လူမှု စီးပွားဘဝများကို တိုက်ရိုက် ထိခိုက်စေလျက်ရှိသည်။
ကမ္ဘာ့ဘဏ် (World Bank)၏ တွက်ချက်မှုအရ မြေယာပျက်စီးယိုယွင်းမှုကြောင့် ကမ္ဘာ့ စီးပွားရေးကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ထရီလီယံမှ ၈ ထရီလီယံကြား(ကမ္ဘာ့ GDP ၏ ခန့်မှန်းခြေ ၅% မှ ၈% ခန့်)ဆုံးရှုံးနစ်နာစေလျက်ရှိသည်။
သဲကန္တာရဖြစ်ထွန်းမှုနှင့် ရေရှားပါးမှုတို့ကြောင့် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၂၀၀ ကျော်သည် ၎င်းတို့၏ နေရပ်မြေယာများကို စွန့်ခွာပြီး အခြားဒေသများသို့ ရွှေ့ပြောင်း အခြေချကြရမည့် "ရာသီဥတုဆိုင်ရာဒုက္ခသည်များ" ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
၂၀၅၀ ပြည့်နှစ်တွင် မိုးခေါင်ရေရှားမှုသည် ကမ္ဘာ့လူဦးရေ၏ ၇၅ ခိုင်နှုန်း (၄ ပုံ ၃ ပုံခန့်) ကို သက်ရောက်မှုရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
၂၀၀၀ ပြည့်နှစ်မှစတင်ပြီး မိုးခေါင်မှု ကာလနှင့် အကြိမ်အရေအတွက်သည် ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၅၅ သန်းသည် မိုးခေါင်မှုဒဏ်ကို နှစ်စဉ်ခံစားရမည် ဖြစ်ကြောင်းခန့်မှန်းထားသည်။
နှစ်စဉ် မြေယာ ဟက်တာ သန်း ၁၀၀ ခန့် သစ်တောများနှင့် မြေဆီလွှာ ပျက်စီးဆုံးရှုံး လျက်ရှိပြီး အဆိုပါ ပမာဏသည် ကမ္ဘာ့စားရေရိက္ခာ ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကာ အစားအစာဈေးနှုန်းများကို ၃၀ ရာခိုင်နှုန်း အထိ မြင့်တက်စေ နိုင်ပါသည်။
အပူပိုင်းဒေသ (၁၃) ခရိုင် သစ်တောဖုံးလွှမ်းမှု
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ (၁၃)ခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပါဝင်ပြီး သစ်ပင်သစ်တောများ ကျဲပါးသည်။ ယေဘုယျအားဖြင့် မိုးရေချိန်လက်မ ၄၀ အောက်သာရရှိပြီး အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ် ဝန်းကျင်အထိမြင့်မားကာ ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည် ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သော်လည်း အပူပိုင်း ၁၃ ခရိုင်အပါအဝင် အပူချိန် မြင့်မား သည့် မြေလတ်ဒေသမြို့ကြီးတွင် သစ်ပင်သစ်တော ကျဲပါးစွာ ပေါက်ရောက်ပြီး သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်း နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။
ကုလသမဂ္ဂ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အစီရင်ခံစာများနှင့် သစ်တောဦးစီးဌာန ၏ လေ့လာဆန်းစစ်မှုများအရ အပူပိုင်းဒေသ (၁၃) ခရိုင် ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ် တွင် ၁၀.၀၄ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၇.၁၁ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၈.၉၁ ရာခိုင်နှုန်း ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဧရိယာ ဧက ၆၃၉,၁၀၅ ကျော် (၂.၉၃ ရာခိုင်နှုန်း) လျော့နည်းဆုံးရှုံးသွားပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဧရိယာဧက ၃၀၄,၆၁၁ ကျော် (၁.၄ ရာခိုင်နှုန်း) သစ်တောဖုံးလွမ်းမှု တိုးလာသည်ကို လေ့လာတွေ့ရှိရသည်။
မကြာသေးမီ နှစ်များမှ စတင်ပြီး အလယ်ပိုင်း မြေလတ်ဒေသသည် ကမ္ဘာ့အပူချိန် အမြင့်မားဆုံး စာရင်းဝင်သည်အထိ အပူချိန်တိုးလာသည်ကို တွေ့ရပြီး ၂၀၂၄ ခုနှစ်တွင် ချောက်မြို့သည် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ယခုနှစ်တွင် ၄၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်ထိ ရှိကြောင်းတွေ့ရသည်။ မြေလတ်ဒေသ မြို့ကြီး ၁၂ မြို့သည်လည်း ၄၁ ဒီဂရီ ဆဲလ်စီးယပ် နှင့်အထက် ရှိခဲ့သည်ကို တွေ့ရပါသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန် ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးပြီး သဲကန္တာရ ဖြစ်ထွန်းနိုင်သည့် အခြေအနေများ (desert-like formation) ကို တွေ့မြင်နိုင်ပါသည်။ ယခုကဲ့သို့ အပူချိန်မြင့်မားသည့် ဖြစ်စဉ်များ နှစ်စဉ်ဆက်တိုက်ဖြစ်ပေါ်ခြင်း၊ ရာသီဥတုပြောင်းလဲမှု နှင့် အယ်လ်နီညို ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းတို့ ပေါင်းစပ်ဖြစ်ပေါ်လာပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်း ခြင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး သဲကန္တာရဖြစ်ထွန်းနိုင်မှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာ နိုင်ပါသည်။ ထို့ကြောင့် အပူပိုင်းဒေသ (၁၃) ခရိုင်တွင် သဲကန္တာရဖြစ်ထွန်းနိုင်သည့် အန္တရာယ် များမှ တားဆီးကာကွယ်ရေး၊ လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ရာသီဥတု မျှတကောင်း မွန်ပြီး ကောင်းမွန်တည်ငြိမ်သည့် ပတ်ဝန်းကျင် ဂေဟစနစ်များ ထားရစ်နိုင်ရေးအတွက် သစ်တောဖုံးလွှမ်းမှု သိသာထင်ရှားစွာ တိုးလာစေရန် အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCCD) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက Focal ဌာနအဖြစ် ဆောင်ရွက် လျက်ရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့အနေဖြင့် အပူဒဏ်လျော့ပါး သက်သာ စေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး အထောက်အကူပြုရန်နှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုသာယာ ကောင်းမွန်လာစေရန်ရည်ရွယ်ပြီး ရေဝေရေလဲ ထိန်းသိမ်းရေး စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ၊ တစ်အုပ် တစ်မ အရိပ်ရစိုက်ခင်းများ၊ လမ်းဘေးဝဲယာ အရိပ်ရ အပင်များ စိုက်ပျိုးခြင်း၊ မြို့ပြသစ်တော များ တည်ထောင်ခြင်း၊ သစ်တောဥယျာဉ်များ တည်ထောင်ခြင်းနှင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော်များ ကျင်းပ ဆောင်ရွက်လျက်ရှိပါသည်။ လေ့လာမှုများအရ အပူပိုင်း ၁၃ ခရိုင်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း အပင်ပေါင်း သန်း ၆၀ ကျော် စိုက်ပျိုးခဲ့ သည့်အတွက် ယေဘုယျ အားဖြင့် ဧက ၂ သိန်းကျော် စိုက်ပျိုးခဲ့သည်ဟု ဆိုနိုင်ပါသည်။
လူဦးရေတိုးတက်လာမှုနှင့်အတူ သစ်ထင်းဝါး လိုအပ်ချက်များအရ အကြောင်းအမျိုးမျိုးဖြင့် သစ်အသုံးချမှုများရှိသော်လည်း စနစ်တကျ စိုက်ပျိုးပြုစု ထိန်းသိမ်းစောင့်ရှောက်နိုင်ပါမှသာလျှင် စိုက်ပျိုးသည့်သစ်ပင်များ တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေမည်ဖြစ်သည်။ သစ်ပင်သစ်တောဆုံးရှုံး မှုကို အပြည့်အဝ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျန်ရှိနေသည့် သဘာဝတောများ ပျက်စီးပြုန်းတီးမှုမရှိစေရန်အတွက် သစ်တောများ စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ ကာ ကွယ်ထိန်းသိမ်းခြင်းဖြင့် သစ်တောဖုံးလွှမ်းမှု တိုးပွားလာပြီး ရာသီဥတုပြောင်းလဲမှုကို လျှော့ချ ထိန်းညှိနိုင်မည်ဖြစ်သည်။
သဲကန္ထာရဖြစ်ထွန်းမှု တိုက်ဖျက်ဖို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်စို့
သစ်ပင်သစ်တောများသည် သဘာဝဂေဟစနစ်များ၏ ဗဟိုချက်ဖြစ်သည့်အတွက် သဲကန္တာဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် သစ်ပင် စိုက်ပျိုးခြင်းဖြင့် အနာဂတ်အတွက် ပိုမို ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အပူပိုင်း ဒေသ(၁၃)ခရိုင်တွင် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများသည် အခြားသော နေရာဒေသများ၊ ဂေဟစနစ်များထက် စိန်ခေါ်မှုများ ပိုမိုများပြားပါသည်။ မိုးရေချိန် အလွန်နည်းပါးခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မြေဆီလွှာအဟာရဓာတ်နည်းပါးခြင်း၊ မြေဆီလွှာ တိုက်စားခြင်း၊ ရေခန်းခြောက်၍ မြေအစိုဓာတ်နည်းပါးခြင်း စသည့် အပူပိုင်းဒေသ စရိုက်လက္ခ ဏာများကြောင့် တစ်ပင်စိုက် တစ်ပင်ရှင်သန်နိုင်ရေး၊ သစ်တောစိုက်ခင်းများ အောင်မြင်ရေး အတွက် “သွင်းအားစုများ” ပိုမိုလိုအပ်လာပါသည်။ အောက်ဖော်ပြပါ လုပ်ငန်းများကို အရှိန် အဟုန်မြှင့် တင်ဆောင်ရွက်ရန်နှင့် အနာဂတ်အတွက် ပိုမိုရင်းနှီးမြှုပ်နှံ ဆောင်ရွက် ကြရမည်ဖြစ် ပါသည်-
သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ လယ်၊ယာအစပ်များတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း Home Garden ကဲ့သို့သစ်ပင်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာသုံးထင်းစိုက်ခင်း များတည်ထောင်ခြင်း၊ သဘာဝမျိုးဆက် အပင်များ ပြန်လည်ပေါက်ရောက်ခြင်းကို အားပေးခြင်း၊
တောင်စောင်းများတွင် ကွန်တိုလိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း၊ မြေဆီလွှာဖုံးရန် အပင်ငယ်များစိုက်ပျိုးခြင်း၊ လေကာပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာထင်း စိုက်ခင်း၊ အရိပ်ရသစ်ပင်နှင့် လေကာတောတန်းများ တည်ထောင်ခြင်း၊ သဘာဝတော ကျန်များတွင် ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊
အပူဒဏ်ခံနိုင်သည့် ဒေသမျိုးရင်း သစ်ပင်များ၊ ကြီးမြန်အမြဲစိမ်းပင်များ၊ ဘက်စုံသုံး အပင်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ပျိုးသက် (၂)နှစ် ရှိပြီး အပင် အမြင့် ၂ ပေနှင့်အထက် ရှိသော ကြံ့ခိုင်သန်စွမ်းသော ပျိုးပင်များကို အသုံးပြုစိုက်ပျိုးခြင်း၊
စိုက်ပျိုးမည့်ပျိုးပင်အရွယ်အစားနှင့် ကိုက်ညီရန်၊ မိုးရေအများဆုံး စုဆောင်းနိုင်ရန် အတွက် သင့်တော်သည့် ကျင်းအရွယ်အစားတူးပြီး စိုက်ပျိုးခြင်း။ ဥပမာ ကျင်းအရွယ် အစား( ၂ ပေ x ၂ ပေ x ၁ ပေ )၊ ( ၃ ပေ x ၃ ပေx ၁ ပေ)၊ ( ၆ ပေx ၃ ပေ x ၁ ပေ) စသည်ဖြင့် စိုက်ကျင်းများတူးခြင်းနှင့် ရေနှင့် မြေဆီလွှာကို ထိန်းနိုင်ရန် အပင်များကို Zigzag ပုံစံ (ဝက်ခေါင်းထိုးပုံစံ) စိုက်ပျိုးခြင်း၊ လိုအပ်သော သွင်းအားစုများ ဥပမာ သင့်တော်သည့် မြေဆွေး၊ ဓာတ်မြေဩဇာ လုံလောက်စွာ ထည့်သွင်းခြင်း၊
စိုက်ပင်များ ပူပြင်းခြောက်သွေ့သော နွေရာသီကို အောင်မြင်စွာ ရှင်သန်ကျော်ဖြတ်နိုင်ရန် “ရေ” “အစိုဓာတ်” ရရှိရန် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ခြင်း၊ နွေရာသီတွင် စိုက်ပင် များ ရေလောင်းပြီး အစိုဓာတ် ရရှိစေရန် ဆောင်ရွက်ခြင်း၊ ချောင်းများနှင့် လျှိုမြောင်များ တွင် ကျောက်စီတံတိုင်းငယ်များ၊ သစ်သား ရေပိတ်ဆည်ငယ်များ၊ နုန်းထိန်းတမံငယ်များ ပြုလုပ်ခြင်း၊ ကွန်တိုကန်သင်း တည်ဆောက်ခြင်း၊ နုန်းတားဆည်/ ကန်သင်း တည်ဆောက်ခြင်း၊ ရေကျော်ကျောက်တန်း တည်ဆောက်ခြင်း၊ ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း၊
ဖြစ်ထွန်းအောင်မြင်လာသော အပင်များကို ဆိတ်၊ ကျွဲ၊ နွား စသည့် တိရစ္ဆာန်များ၏ ဖျက်ဆီးမှုတားဆီးခြင်း၊ တောမီးလောင်ကျွမ်းမှုမှ တားဆီးကာကွယ်ခြင်းနှင့် တရားမဝင် အလွန်အကျွံ ခုတ်ယူသုံးစွဲမှုများ တားဆီးကာကွယ်ခြင်း၊
ဇီဝလောင်စာတောင့်၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများနှင့် နေရောင်ခြည် စွမ်းအင်သုံး မီးဖို၊ စွမ်းအားမြှင့်မီးဖိုများကို ကျေးလက်အထိ တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်အောင် ထောက်ပံ့ပေးခြင်း၊
ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေးလုပ်ငန်းများ စီမံကိန်းများ အောင်မြင်နိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုအတွင်း သစ်တောထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် တိုးချဲ့ပညာပေး ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။
ဆိတ်နှင့် နွား စသည့် အိမ်မွေးတိရစ္ဆာန်များအတွက် လုံလောက်သော စားကျက်များ သတ်မှတ်ပေးခြင်းနှင့် သတ်မှတ်ထားသော စားကျက်မြေများတွင်သာ ဆိတ်၊ နွားများ စနစ်တကျ ကျောင်းစေခြင်း၊ သဘာဝမျိုးဆက်ပင်များ ပေါက်ရောက်သော နေရာ၊ သစ်တောစိုက်ခင်းနှင့် လမ်းဘေးဝဲယာ သစ်ပင်စိုက်ခင်းများတွင် ခြံစည်းရိုးခတ် ကာကွယ်ခြင်း။
"လယ်မြေယာများသည် လူသားများ၏ အနာဂတ်ဖြစ်သည်။ လယ်ယာမြေများကို ထိန်းသိမ်းခြင်းသည် အသက်ကို ကာကွယ်ခြင်းပင် ဖြစ်သည်" ဟု ဆိုနိုင်သည်။ သဲကန္တာရ ဖြစ်ထွန်းမှု၊ မိုးခေါင်ရေရှားမှုနှင့် လယ်ယာမြေများ ပျက်စီးမှု ဖြစ်စဉ်များ ရပ်တန့်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိသော၊ လိုက်လျောညီထွေရပ်တည်နိုင်သော လူ့အဖွဲ့ အစည်းတစ်ရပ်အဖြစ် တည်ဆောက်ရန်မှာ အစိုးရအနေဖြင့်သာမဟုတ်ပဲ တစ်ဦးချင်း စီတွင်ပါ တာဝန်ရှိပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ မြေယာပြန်လည်ပြုစုပျိုးထောင်ခြင်း၊ ရေအရင်း အမြစ်များ စနစ်တကျ စီမံခန့်ခွဲခြင်း၊ ရေကို ချွေတာသုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်နိုင်၍ စိမ်းလန်း စိုပြည်ပြီး ရေရှည် တည်တံ့သော ကမ္ဘာမြေကို လက်ဆင့်ကမ်း အမွေပေးနိုင်မည် ဖြစ်ပါသည်။ သစ်ပင်သစ်တော များနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို နားလည်ပြီးတစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့ အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက်၊ ဌာန၊ အဖွဲ့အစည်းများ အားလုံးက သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရေးကို “အနာဂတ်အတွက် အရေးကြီးသော ရင်းနှီး မြှုပ်နှံမှု” အဖြစ် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်လျက် “ကမ္ဘာ့သဲကန္တာ ဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက် ရေးနေ့” အား ဂုဏ်ပြုအပ်ပါသည်။
ကိုးကား
UNCCD, 2022. Global Land Outlook (GLO) - Second Edition (2022)
FAO, 2021. The State of the World's Land and Water Resources for Food and Agriculture (SOLAW 2021)
FAO, IFAD, UNICEF, WFP and WHO, 2025. The State of Food Security and Nutrition in the World (SOFI Report - 2024/2025)
World Bank 2021. The Economics of Land Degradation (ELD) Initiative (2015/2021 Reports)
https://www.unccd.int/

