သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ”ကျင်းပ

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ၄-၇-၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းရွာသစ်ကျေးရွာရှိ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခန်းမ-EEC ၌ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ အခြေခံပညာမူလတန်းကျောင်း (မိကျောင်းလှောင်းရွာသစ်) မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများသည် တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းမှ ဆောင်ရွက် လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းအတွင်း လေ့လာခြင်း၊ မိကျောင်းလှောင်း ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်နှင့် သီးပင်စားပင်များ ပျိုးထောင်ထားရှိမှုအား လေ့လာခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်မှ သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာပေးခြင်း၊ တိုးချဲ့ပညာပေး ဝန်ထမ်း နော်ဒီဇင်ဘာဖောမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများကို ဟောပြောခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Video Clip ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း (မိကျောင်းလှောင်းရွာသစ်)သို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၃၀) ပံ့ပိုး ပေးအပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာမူလတန်းကျောင်း (မိကျောင်းလှောင်းရွာသစ်) မှ ဆရာ/ ဆရာမ (၃) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၈၅) ဦး၊ စုစုပေါင်း (၈၈) ဦး တက်ရောက်ခဲ့ကြပါသည်။

date: 
Thursday, July 4, 2024 - 15:45