ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စိမ်းလန်းစိုပြေရေးအတွက်မိုးရာသီဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးမှုများကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၄-ခုနှစ်၊ မိုးရာသီတွင် ဒုတိယအကြိမ်သစ်ပင်စိုက်ပွဲ အား (၇-၇-၂၀၂၄)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ရန်ကုန်-မန္တလေးမြန်လမ်းမကြီး ၁၁၃/၅ မိုင် အဝေရာရေလွှဲဆည်အနီးတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဖြူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းသန်းစိုးက ရတနာတန်းဝင်ပျိုးပင် ပေါက်များကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ဒေဝီမေတို့ကလက်ခံ ရယူပေးခဲ့ကြသည်။ ဆက်လက်၍ ကျွန်းပျိုးပင်(၂၀၀)ပင်၊ ပျဉ်းကတိုးပျိုးပင်(၅၀)ပင်၊ ပိတောက်ပျိုးပင်(၅၀)ပင်၊ မန်ဂျန်ရှားပျိုးပင်(၅၀)ပင်၊ ယမနေပျိုးပင်(၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၄၀၀)ပင်ကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖြူးမြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၄)ဦးမှ တက်ရောက်စိုက်ပျိုးခဲ့ပါသည်။

date: 
Monday, July 8, 2024 - 12:30