ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့လာအိုနိုင်ငံ၊ဗီယန်ကျန်းမြို့၌ကျင်းပပြုလုပ်ခဲ့သည့်(၁၄)ကြိမ်မြောက်မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဝန်ကြီးများအဆင့်ဦးဆောင်ကော်မတီအစည်းအဝေးသို့တက်ရောက်

လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့၌ ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်(၁၄)ကြိမ် မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဝန်ကြီး များအဆင့် ဦးဆောင်ကော်မတီအစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး ဉီးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ဆုန်နက်ဆိုင် ဆီဖန်ဒုန်းက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် မဲခေါင်ဒေသခွဲနိုင်ငံများ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ပြဿနာများကို ဒေသတွင်း နိုင်ငံများပူးပေါင်း ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဖြတ် ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်နိုင် ရေးအတွက် ဒေသတွင်း နိုင်ငံများအနေဖြင့် မိမိတို့၏ အတွေ့အကြုံဗဟုသုတ များမျှဝေခြင်း၊ နည်းပညာများ ဖလှယ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့် တင်ခြင်းလုပ်ငန်းများ အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ပြန့်စွာတိုးမြှင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
အစည်းအဝေးတွင် လာအိုနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ ဆိုင်နာခုန်အင်သာဘောင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မြန်မာ နိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးမှ တွဲဖက်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေး ဗဟိုဌာန (ASMC)မှ ရရှိသည့် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုအခြေအနေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခြောက်သွေ့ရာသီတွင် နေ့စဉ်နှင့် ကျန်ရာသီများတွင် လစဉ်ဖြန့်ဝေခြင်းနှင့် မြေပြင်တွင် အမှန်တကယ် ဖြစ်ပေါ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ မီးခိုးမြူငွေ့လျှော့ချရေး လုပ်ငန်းများကို ဆောင်ရွက် လျက် ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်း၍လည်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ၃ နိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက်- မြူကင်း စင်သောကောင်းကင်မဟာဗျူဟာ(CLEAR Sky Strategy) (၂၀၂၄ - ၂၀၃၀)ကိုပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာမူဝါဒ၊ မူဘောင်များနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းစဉ်များအား အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် မဲခေါင်ဒေသ ခွဲနိုင်ငံများ၏ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေ အနေများ၊ မိုးလေဝသခန့်မှန်းချက်၊ နိုင်ငံအလိုက် မီးခိုးမြူငွေ့ထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဒေသတွင်း မူဝါဒ၊ မူဘောင်များကို အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေး ဗဟိုဌာနတည်ထောင်ရေး အတွက် ဆောင်ရွက်မှု အခြေအနေများ၊ ဒေသတွင်း နိုင်ငံများ၏ မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် တိုးတက်မှု အခြေအနေများ၊ ၂၀၁၇ ခုနှစ်တွင် ရေးဆွဲခဲ့ သည့် ချင်းရိုင်လုပ်ငန်းစီမံချက်အရ Fire Hotspot လျှော့ချရေး ညွှန်ကိန်းများ သတ်မှတ်ခြင်း နှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင် ရေးတို့ကိုဆွေးနွေးကြသည်။
(၁၄)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ် ရေးဆိုင်ရာဝန်ကြီးများအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေးသို့ မဲခေါင်ဒေသခွဲ နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကိုယ်စားလှယ်များ၊ အာဆီယံ မိုးလေဝသ စောင့်ကြည့် လေ့လာ ရေးဗဟိုဌာန (ASEAN Specialized Meteorological Centre-ASMC)မှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Sunday, June 28, 2026 - 12:00