ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်ဦး သည် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် သစ်တောစိုက်ခင်းများနှင့် ပျိုးဥယျာဉ်အားကွင်းဆင်းကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ပဲခူးမြို့နယ်ရှိ ဝါးကတုတ်ပျိုးဥယျာဉ်၏ ပျိုးထောင်ထားရှိမှုအခြေအနေနှင့် ပဲခူးတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအတွင်း ၂၀၂၄ ခုနှစ်မိုးရာသီ၊ ၂၀၂၅ ခုနှစ်မိုးရာသီနှင့် ၂၀၂၆ ခုနှစ် မိုးရာသီတို့တွင် စိုက်ပျိုးတည်ထောင်ထားရှိသော တစ်အုပ်တစ်မစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ၏ ရှင် သန်အောင်မြင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ သစ်တောဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက စိုက်ခင်းများတည်ထောင်ထားရှိမှု၊ သစ်မျိုးများအလိုက် ရှင်သန်မှုနှင့်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၄၆/၀)မိုင်ရှိ ဝါးကတုတ်ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများမှ ပျိုးပင်များပျိုးထောင်ထားရှိမှုနှင့် ဖြန့် ဝေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းတလျှောက်ရှိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ အတွင်း စိုက်ပျိုးထားသောတစ်အုပ်တစ်မစိမ်းလန်းစိုပြည်ရေး စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးမှတစ်ပင်စိုက်တစ်ပင်ရှင်စေရေးကြီးကြပ်ဆောင်ရွက်သွားရန်၊သေပင်ဖာထေးခြင်းလုပ်ငန်း အချိန်နှင့်တပြေးညီဆောင်ရွက်သွားရန်၊ရာသီအလိုက်ဆောင်ရွက်ရမည့် သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်သွားရန်နှင့် ကျေးရွာချင်းဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်းများ၏ လမ်းဘေးဝဲ/ယာစိမ်းလန်းစိုပြည်ရေးနှင့် ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးထိန်းသိမ်းရေး ပြည်သူလူထု ပူးပေါင်း ပါဝင်လာအောင် စည်းရုံး၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးမှ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း တည်ထောင်စိုက်ပျိုးလျက် ရှိသည့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများကိုလည်း အချိန်မှီစိုက်ပျိုးပြီးစီးရေးနှင့် ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းစေရေးအတွက်လည်းပုဂ္ဂလိကစိုက်ခင်းလုပ်ငန်းရှင်များကိုတွန်းအားပေးကြီးကြပ်ဆောင်ရွက် သွားရန်၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင်ကျူး‌ကျော်မှုများမရှိစေရေးအတွက် လည်း စဉ်ဆက်မပြတ် ကြီးကြပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

date: 
Sunday, June 28, 2026 - 12:30