အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အပူပိုင်းဇုန်ဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတ ရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမှ သယံဇာတ ရေးရာဝန်ကြီးများက virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန် ချက်ဖြစ်သော မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း-ချောက်- မကွေးလမ်းတို့၏ လမ်းမကြီး ဝဲ/ယာတွင် ကြီးမြန်သစ်ပင်များစိုက်ပျိုးရေးနှင့် အပူပိုင်းဇုန် ခရိုင် ၁၃ ခု တွင် အနည်းဆုံး တစ်ရွာ ၂ ဧက စိုက်ခင်းများတည်ထောင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်စပ်ဌာနများပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၄ ခုနှစ်မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၈၀၉ ရွာတွင် ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်း ၃,၅၅၁ ဧက၊ အပင် ၂.၁ သန်းကျော် စိုက်ပျိုးရန်လျာထား ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၉၇ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ကားလမ်းဘေး ဝဲ/ယာ ကြီးမြန်သစ်ပင် စိုက်ပျိုးခြင်းအား အပင် ၄၀,၀၀၀ ကျော်စိုက်ပျိုး ရန်လျာထားဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၉၂ ရာခိုင်နှုန်းပြီးစီးပြီး ဆက်လက်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မိတ္ထီလာ ခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံ ၂၀ ခု၏ ရေဝေရေလဲ ဧရိယာများတွင် ရေဝေရေလဲ ထိန်းသိမ်းခြင်းနှင့် ရေဝေရေလဲစိုက်ခင်းတည်ထောင်ခြင်းများ အတွက် လည်း ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊
အပူပိုင်းဇုန်ဒေသ ၁၃ ခရိုင်အတွင်း အနည်းဆုံးတစ်ရွာ ၂ ဧက စိုက်ခင်းတည်ထောင်နိုင်ရေး အတွက် မြေနေရာရရှိရေး၊ ကျေးရွာများရှိ မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုများ လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်စေရေး၊ ရွာအဝင်နှင့်ရွာတွင်းလမ်းဘေး၊ အိမ်ခြံဝန်းအတွင်းပါ သစ်ပင်များစိုက်ပျိုးနိုင် ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပူပိုင်းဒေသ ပြန်လည်စိမ်းလန်းစိုပြည် လာစေရေး အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူတို့က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်သည့်အတွက် အားလုံး ဝိုင်းဝန်းပါဝင်ပေးရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး သယံဇာတဝန်ကြီးများနှင့် ဆက်စပ်ဌာနများ မှ တာဝန်ရှိသူများက စိုက်ခင်းတည်ထောင်ရန် မြေနေရာရရှိရေး၊ ရွေးချယ်ထားသော မြေနေရာများ၏ မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုများ လုပ်ထုံးလုပ်နည်းနှင့်ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အသေးစိတ်တင်ပြ ဆွေးနွေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

date: 
Tuesday, July 23, 2024 - 17:45