ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း ရဟတ်ယာဉ်ဖြင့်သစ်စေ့မြေလုံး(Seed Balls)များကြဲချ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်းရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာအတွင်းရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းရှိ တောနိမ့်တောပါး၊ ကွက်လပ်ဖြစ်ပေါ် နေသော တောင်ကုန်းများတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို ပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုးဝိုင်း အကွက်အမှတ်(၁၅) ရှိ ဧရိယာ (၂၀၀) ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား (၄) မျိုးဖြစ်သည့် ကုက္ကိုလ်၊ စစ်၊ မဲဇလီ၊ ဘောစကိုင်း သစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း (၁၀၀,၀၀၀) လုံး ကြဲချခြင်း အခမ်းအနား သို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ဇေယျ၊ နေပြည်တော်လေတပ်စခန်း စခန်းမှူး၊ တပ်မတော် (လေ) မှ တပ်မတော်သားများ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး (၅-၇-၂၀၂၆) ရက်နေ့ ၀၈:၃၅ နာရီအချိန်တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး များ ကြဲချပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေဝေ ရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ (၄၃၀) ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား (၄) မျိုးဖြစ်သည့် ကုက္ကိုလ်၊ ဘောစကိုင်း၊ မဲဇလီ၊ အော်ရီးရှားသစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း (၂၀၀,၀၀၀) လုံး ကြဲချခြင်း အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးစိုင်းဝမ်းလိုင်းတစ်၊ ပြည်နယ်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တပ်မတော် (လေ) မှ တပ်မတော်သားများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပြီး သစ်စေ့မြေလုံးများအား ရဟတ်ယာဉ်ဖြင့် ကြဲချခြင်းကို ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ် ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့် စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန် အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေ ရေလဲဒေသအတွင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုး အလိုက်ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှုအခြေအနေကို စာရင်းကောက်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


