တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၉၅)ဧကရှိသောနယ်မြေကို“မအိုင်(၂)ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစသတ်မှတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၉၅)ဧကရှိသော နယ်မြေကို “မအိုင်(၂)ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၆၆/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၄)ရက် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရ မှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ကဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေ များဝင်ရောက်မှု တားဆီးကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန် လာစေရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။
မအိုင်(၂)ဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် ဒီရေတောသစ်မျိုးများဖြစ် သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ ပင်လယ်အုန်း၊ လမု၊ သမဲ့ဖြူ၊ သမဲ့ကြက်တက်၊ ကျန၊ မဓမ၊ သရော၊ ကန့်ပလာစသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဗျိုင်း အောက်၊ ကြက်တူရွေး၊ သိန်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုပ်ငှက်၊ နှုတ်သီးဝိုင်းရေညှောင့်ငှက်၊ တောဘဲ၊ ငှက်စလုံ(ဒင်ကျီးငှက်) စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ငါး၊ ကဏန်း၊ ခရု၊ ပုစွန်များရှင်သန်ပေါက်ဖွားရာ ဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူ များ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟ စနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟစနစ် တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

date: 
Sunday, August 4, 2024 - 20:15