အာဆီယံအမွေအနှစ်ဥယျာဉ်များအကြောင်း သိကောင်းစရာနှင့် အာဆီယံအမွေအနှစ်ဥယျာဉ်အသစ်များအဆိုပြုတင်သွင်းခြင်းဆိုင်ရာအချက်အလက်များမျှဝေဆွေးနွေးပွဲကျင်းပ
(၅-၈-၂၀၂၄)ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ အာဆီယံအမွေအနှစ်ဥယျာဉ်များအကြောင်း သိကောင်းစရာနှင့် အာဆီယံအမွေအနှစ်ဥယျာဉ်အသစ် များ အဆိုပြုတင်သွင်းခြင်းဆိုင်ရာ အချက်အလက်များ မျှဝေဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမွေအနှစ်ဥယျာဉ်များ ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စိန်ဝင်းထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ အာဆီယံအမွေအနှစ်ဥယျာဉ်များအကြောင်း ရှင်းလင်းတင်ပြခြင်း ၊ အာဆီယံဒေသအတွင်းရှိ အာဆီယံအမွေအနှစ်ဥယျာဉ် (၅၇) ခုအနက်မှ မြန်မာနိုင်ငံရှိ တည်ထောင်ပြီး အာဆီယံအမွေအနှစ်ဥယျာဉ်(၈)ခုအကြောင်း ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမှ အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် ထပ်မံအဆိုပြုတင်သွင်းသွားမည့် တနင်္သာရီသဘာဝကြိုးဝိုင်း၊ ရွှေစက်တော်ဘေးမဲ့တော၊ ပုပ္ပါးတောင်အမျိုးသားဘူမိ ဥယျာဉ်၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ၏ အချက်အလက်များ ချပြဆွေးနွေး ခဲ့မှုအပေါ် တက်ရောက်လာသူများ၏ အကြံပြုချက်များနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုများ အပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးရုံးချုပ်မှ တောအုပ်ကြီးအဆင့်နှင့်အထက် အရာထမ်း/အမှုထမ်းများ စုစုပေါင်း(၉၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။