ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ဒီရေတောဂေဟစနစ် ပြန်လည်တည်ထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) တွင် ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ကိုရီးယားနိုင်ငံအခြေစိုက် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO) နှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားသစ်တောသိပ္ပံသုတေသနဌာန (NIFoS) တို့ ပူးပေါင်းကျင်းပ သည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာလုပ်ငန်းအဖွဲ့ စည်းအဝေးနှင့် ဒီရေတောဂေဟစနစ် ပြန်လည်တည်ထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးများသို့ တက် ရောက်အမှာစကားပြောကြားသည်။
ပထမဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO) နှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားသစ်တောသိပ္ပံသုတေသနဌာန (NIFoS) တို့ ပူးပေါင်းကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဒီရေတောဂေဟစနစ် ပြန်လည် တည်ထောင်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့လုပ်ငန်းအဖွဲအစည်းအဝေးများအား မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ်အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ်းရိုးတန်းဒေဿနှင့် ဒီရေတောများပြန်လည်ထူထောင်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု အစည်းဝေးများမှတစ်ဆင့် AFoCO အဖွဲဝင်နိုင်ငံများအကြား ဒီရေတောပြန်လည်ထူထောင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် AFoCO အတွင်းရေးမှူးရုံးမှု Programme Officer မစ္စစူဇင်ရန်း က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ AFoCO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကိုရီးယားနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တာဂျစ်ကစ္စတန် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့မှ ကိုယ်စားလှယ်များ၊ NIFoS နှင့် AFoCO အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို ဇူလိုင်လ (၁၆) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းနှင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းမှ တာဝန်ရှိသူများမှ သင်တန်းကျောင်းများ၏ ဆောင်ရွက်နေ မှုများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံကြိုးဝိုင်း အတွင်း စိုက်ပျိုးထားသည့် စီးပွားရေးကျွန်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးရာ စိုက်ခင်းတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

date: 
Wednesday, July 15, 2026 - 11:30