သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်အတွင်း သစ်တောကဏ္ဍလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများသွားရောက်စစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၃-၈-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ အင်ပြင်ပျိုးဥယျာဉ်သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်တွင် တာဝန်ရှိသူများက ပြည်နယ်နှင့်ခရိုင်အတွင်းရှိ သစ်တောကဏ္ဍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကလောမြို့အား ထင်းရှူးမြို့တော် ဖြစ်စေရေး အတွက် ထင်းရှူးစိုက်ခင်းများ တည်ထောင်ခြင်း၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့် စိုက်ပျိုး ခြင်း၊ လမ်းဘေးဝဲယာ စိုက်ပျိုးခြင်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ၂ ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ကြိုတင် ပျိုးထောင်ထားရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်စေအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်တောများအား ထိန်းသိမ်း ကာကွယ်ရန်နှင့် ရေဝေရေလဲသစ်တောစိုက်ခင်းများ တိုးချဲ့ တည်ထောင်သွားရန်၊ ဇီဝမျိုးစုံမျိုးကွဲများ အား ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန်၊ တောင်ကြီးမြို့ ရေရရှိရေးအတွက် အရေးပါသော ထီသိမ်ကန် ရေထွက်နှင့် ပြည်နယ်အတွင်းရှိ ဆည်များ၏ရေဝေရေလဲဧရိယာများအား ထိန်းသိမ်းရန်၊ တရားမဝင်သစ် ဖမ်းဆီးရေးအား စီမံချက်များရေးဆွဲ၍ အထူးအလေးထား ဆောင်ရွက်သွားရန်၊ ဟဲဟိုး-ဘော်ဆိုင်း ကားလမ်းဘေးဝဲယာရှိ စိုက်ပျိုးထားသော ထင်းရှူးပင်များအား ဆက်လက် ထိန်းသိမ်း စောင့်ရှောက်သွားရန် မှာကြား သည်။ ထို့နောက် အင်ပြင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၈ မျိုးဖြင့် ပျိုးပင် ၄၈,၀၀၀ ကြိုတင် ပျိုးထောင်ထားရှိမှု အခြအနေအား ကြည့်ရှု စစ်ဆေးသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းကြိုးဝိုင်းအတွင်းရှိ ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်းထင်းရှူးစိုက်ခင်း ၆၅ ဧက နှင့် ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူး စိုက်ခင်း ၂၂ ဧက၏ အောင်မြင်ဖြစ် ထွန်းနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ သီခေါင်တောင် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ၂၀၂၃ ခုနှစ် အာဆီယံလမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး ခြင်း ၆ ဧကနှင့် တစ်အုပ်တစ်မ ထင်းရှူး ၃၂၀၀ ပင်၏ ရှင်သန် အောင်မြင်မှုအခြေအနေအား လည်းကောင်း၊ ၂၀၂၃ ခုနှစ် ကွက်လပ်ဖြည့်ထင်းရှူး စိုက်ခင်း ၃၅ ဧက နှင့် ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း ၈၅ ၏ ရှင်သန်မှု အခြေအနေအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ ဟဲဟိုးပျိုးဥယျာဉ်အတွင်း အာဆီယံလမ်းဘေးဝဲယာစိုက်ပျိုးခြင်း၊ အင်းလေးကန်စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်းနှင့် လူထုဖြန့် စိုက်ပျိုးခြင်းများအတွက် သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၁၀၇,၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှု စစ်ဆေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟို-ဘော်ဆိုင်းကားလမ်း တစ်လျောက် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော လမ်းဘေး ဝဲယာထင်းရှူး ၃၂,၀၀၀ ပင် နှင့်တောင်ကုန်းများ မြေဆီလွှာ တိုက်မှုကာကွယ်ရေးအတွက် တစ်အုပ် တစ်မ ထင်းရှူး ၂၁,၆၀၀ ပင်၏ အောင်မြင်ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသည့် အပင်များအား ဆက်လက်ရှင်သန်ရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးပျိုးဥယျာဉ်အတွင်း အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းအတွက် ပျိုးပင် ၂၄,၀၀၀ ကြိုတင် ပျိူးထောင်ထားမှုအခြေအနေနှင့် အေးသာယာ Green Zone ပျိုးဥယျာဉ်အတွင်း တောင်ကြီးမြို့ ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်ရေးနှင့် ထီသိမ်ကန် ရေဝေရေလဲ ထိန်းသိမ်းရေး အတွက် ထင်းရှူး ပျိုးပင် ၁၂,၀၀၀ ပင်နှင့် အထူးပျိုးပင် ၃၉,၄၀၀ ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။