AFoCO-NIFoS Climate Change Adaptation Living Lab နှင့် AFoCO-NIFoS Mangrove Ecosystem Restoration Living Lab တို့၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပခြင်းနှင့် လေ့လာရေးခရီးစဉ်သွားရောက်

အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO)နှင့် ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသားသစ်တောသိပ္ပံသုတေသနဌာန(NIFoS)တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံ၊ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)၌ AFoCO-NIFoS Climate Change Adaptation Living Lab နှင့် AFoCO-NIFoS Mangrove Ecosystem Restoration Living Lab တို့၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးတို့အား AFoCO အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဘူတန်နိုင်ငံ၊ ဘရုနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ NIFoS နှင့် AFoCO Secretariat မှ ကိုယ်စားလှယ် (၆၀)ဦးဖြင့် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ခရီးစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၌ တည်ရှိသည့် လှော်ကားအမျိုးသားဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ပါသည်။ဥယျာဉ်အတွင်း လမ်းတစ်လျှောက် ရှိ စိမ်းလန်းစိုပြည်သော သဘာဝတောတောင်များ၊ တောရိုင်း တိရစ္ဆာန်များ၊ ဆင်စခန်းများနှင့် Stand Up Paddling အားကစား ဆောင်ရွက်နိုင်သည့် အပန်းဖြေနားနေစရာနေရာများအား လေ့လာခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကော့မှူးမြို့နယ်၊ ဆယ်အိမ်တန်း ကျေးရွာမှတစ်ဆင့် စက်လှေဖြင့် မြစိမ်းသောင်ကြိုးပြင်ကာကွယ်တောနှင့် ကန်လျားရှည်ကြိုးပြင် ကာကွယ်တောတစ်လျှောက်ရှိ ဒီရေတောများအား လှည့်လည်လေ့လာကြည့်ရှုခဲ့ပြီး အလယ်ရွာ ကျေးရွာတွင် ကျန(၁၈၀)ပင်၊ ဗြူးခြေထောက်အဖို(၂၁၀)ပင်နှင့် ဗြူးအုပ်ဆောင်း(၂၁၀)ပင်၊ စုစုပေါင်း(၆၀၀)ပင်အား AFoCO အဖွဲ့ဝင်နိုင်ငံများ၊ AFoCO Secretariat နှင့် NIFoS အဖွဲ့များ စုပေါင်း၍ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

date: 
Tuesday, July 21, 2026 - 15:45