ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး မန္တလေးတိုင်းဒေသကြီးအတွင်းရှိဌာနဆိုင်ရာ လုပ်ငန်းများစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မယ်ညိုတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကြိုးဝိုင်း အတွင်းသစ်ပင်များရှင်သန်ဖြစ်ထွန်းရန် ခက်ခဲသည့်ကုန်းမြေများ၌ သစ်တောဖုံးလွှမ်းမှု တိုးပွား လာစေရေးအတွက် ယခုကဲ့သို့ စိမ်းလန်းစိုပြည်သော သစ်တောစိုက်ခင်းများဖြစ်အောင် ၂၀၁၇ ခုနှစ် မှစတင်၍ ဆောင်ရွက်ခဲ့သည့် အခြေအနေများအား တာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ရှင်သန်အောင်မြင်နေမှု အခြေအနေများအား ဆက်လက်၍ ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ဘောစကိုင်းပင်သည် အမြဲစိမ်းလန်းနေပြီး ဖြစ်ထွန်းလွယ်၍ တိရစ္ဆာန်များအတွက် အာဟာရဖြည့်စွက်စာနှင့် ထင်းအဖြစ် အသုံးဝင်သည့်အတွက် ကျေးရွာများတွင် ပိုမိုစိုက်ပျိုးသွားနိုင်ရေး အသိပညာပေးသွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ ၎င်းမှထွက်ခွာခဲ့ပြီး တံတားဦးမြို့နယ်ရှိ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုး ထားသည့် သစ်ပင်များ ရှင်သန်နေမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တော ကျောင်းသို့ရောက်ရှိရာ တာဝန်ရှိသူက သင်တန်းသားများ တက်ရောက်သင်ကြားနေမှု အခြေအနေနှင့် စာသင်ဆောင်၊ သင်တန်းသားအိပ်ဆောင်နှင့် စုဝေးခန်းမ ဆောက်လုပ်မည့် အခြေအနေများတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင်နှင့် စံချိန်စံညွှန်းများ ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် မှာကြားပြီး အဆောက်အဦများ ဆောက်လုပ်မည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း(၁၉၀)ဧက၊ တောင်ပြို တိုးချဲ့ကြိုးဝိုင်းရှိ ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်း၏ ရေဝေရေလဲဒေသတွင် သစ်တောဦးစီး ဌာနမှ ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးထားရှိမှုအား သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူ၏ တင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

date: 
Thursday, July 23, 2026 - 09:45