ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် “မြူကင်းစင်သောကောင်းကင်” မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် ထုတ်ပြန်ကြေညာခြင်း အခမ်း အနားတက်ရောက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် “မြူကင်းစင်သောကောင်းကင်” မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် ထုတ်ပြန်ကြေညာခြင်း အခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ၃၀-၁၀-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ရှိသူများက လာရောက်ကြိုဆိုကြသည်။အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် “မြူကင်းစင်သောကောင်းကင်” မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားအား ဘန်ကောက်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး H.E. Mr. Chalermchai Sri-on၊ မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး H.E. Dr. Mrs. Bounkham Vorachit တို့က အမှာစကားများ အသီးသီးပြောကြားသည်။ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောကြားရာတွင် ပူးတွဲလုပ်ငန်းစီမံချက်- CLEAR Sky Strategy (၂၀၂၄-၂၀၃၀) သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၌ နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ ၃ နိုင်ငံ ညှိနှိုင်းဆွေးနွေးပွဲတွင် လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးခဲ့သည့် ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက်ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံတွင် အထူးသဖြင့်ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်ကဲ့သို့ ဒေသများတွင် နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ထိရောက်သော မီးဘေးကြိုတင်ကာကွယ်ရေး မဟာဗျူဟာများကို သက်ဆိုင်ရာဌာနများနှင့်အတူ တက်ကြွစွာပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောသယံဇာတများထိန်းသိမ်းရေးသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် နှစ်စဉ် သစ်ပင်သန်းပေါင်းများစွာ စိုက်ပျိုးလျက်ရှိ ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း၌ သစ်ပင်ပေါင်း ၂၁ သန်းစိုက်ပျိုးခဲ့ပါကြောင်း၊ သစ်တောပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မှုများကြောင့် နှစ်စဉ် သစ်တောပြုန်းတီးသည့်ဧရိယာသည် ၂၀၂၀ ခုနှစ်တွင် ဧက ၂၄၀,၀၀၀ ခန့်ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၂၀,၀၀၀ ဧကခန့်သို့ လျော့ကျသွားမည်ဟု ခန့်မှန်းကြောင်း၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းသည် ၂၀၁၀ ခုနှစ်တွင် ၅၆.၇၃%၊ ၂၀၁၅ ခုနှစ်တွင် ၆၀.၁၇%၊ နှင့် ၂၀၂၀ ခုနှစ်တွင် ၈၂.၀၃% တို့ဖြစ်ကြောင်း၊ မီးခိုးမြူငွေ့ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ်စေနိုင်ရန် ယခုပူးတွဲလုပ်ငန်း စီမံချက်မှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆက်စပ်ပတ်သက် သူများဖြစ်သည့် အစိုးရအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ပုဂ္ဂလိကများနှင့် မိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် လက်တွဲပူးပေါင်းပြီး ဤပူးတွဲလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် “မြူကင်းစင်သော ကောင်းကင်” မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်ကို ဝန်ကြီးများက စက်ခလုတ်နှိပ်၍ ထုတ်ပြန်ကြေညာပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြသည်။ ယင်းနောက် ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ဆက်လက်၍ အာဆီယံနိုင်ငံများရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဌာနများ၊ ဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် တက်ရောက်လာသူများက “CLEAR Sky Strategy – Tackling Transboundary Haze in ASEAN” ခေါင်းစဉ်ဖြင့် အိမ်နီးချင်း (၃)နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာကို လက်တွဲပူးပေါင်းဖြေရှင်းရာတွင် တွေ့ကြုံနိုင်မည့် အခက်အခဲများ၊ အောင်မြင်မှုကို ရရှိစေနိုင်မည့် နည်းလမ်းများ၊ လက်တွေ့ကျကျဖော်ဆောင်နိုင်မည့် အခြေအနေများကိုဆွေးနွေးသုံးသပ်အကြံပြုကြပါသည်။ ယခု ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဆွေးနွေးဖက်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များ စုစုပေါင်း ၄၅၀ ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။