သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများတွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းမြို့ရှိ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနရုံး၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျောက်ဆည်မြို့ရှိ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတို့တွင် ဝန်ကြီးဌာနရှိ ဌာန၊ လုပ်ငန်းတို့မှ ဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် သတ်မှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ ပေးအပ်သောတာဝန်များကို အဂတိ ကင်းရှင်းစွာဖြင့် ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ စေတနာထား၍ ထမ်းဆောင်ကြရန်နှင့် မိမိတို့၏ ဝန်ကြီးဌာန ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင်လည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်၏ သယံဇာတများ ရေရှည်တည်တံ့စေရေး ကာကွယ်ထိန်းသိမ်းရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ညွှန်ကြားရေးမှူးချုပ်က အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အပူပိုင်းဒေသ(၁၃)ခရိုင် အတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး ညွှန်ကြားရေးမှူးချုပ်ရုံး၊ အမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
