သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး လိပ်ကယ်ဆယ်ရေးစခန်း(ဘန့်ဘွေး)သွားရောက်ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေး ဘိနယ်စခန်း၌ လိပ်ကယ်ဆယ်ရေးစခန်း (ဘန့်ဘွေး)ရှိ တရားမဝင် ကုန်သွယ်မှု ပြုလုပ်ရာမှ ဖမ်းဆီးရမိသည့် လိပ်မျိုးစိတ်များအား ထိန်းသိမ်း စောင့်ရှောက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူမှ လိပ်မျိုးစိတ်များအလိုက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မွေးမြူထားမှု၊ နေရင်းဒေသများသို့ ပြန်လည် လွှတ်ပေးနိုင်မှု အခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လိပ်များအား မျိုးစိတ်အလိုက် ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားမှုအား လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ရာ လိပ်မျိုးစုံ (၆၃၂)ကောင် ပြုစုထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။
ဆက်လက်၍ မေမြို့ထင်းကြိုးဝိုင်းရှိ ပြင်ဦးလွင်မြို့ အထူးစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်တွင် စိုက်ပျိုးထားသော သစ်တောစိုက်ခင်း (၂၇၀)ဧကသို့ရောက်ရှိရာ တာဝန်ရှိသူမှ စိုက်ခင်း တည်ထောင်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင် ပြုစုထိန်းသိမ်းသွားရန်မှာကြားပြီး သစ်ပင်စိုက်ပျိုးထားသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသစ်တောကျောင်း၌ ပြင်ဦးလွင်မြို့ရှိ ဝန်ကြီးဌာန အောက်မှ ဝန်ထမ်းများအားတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာကြရန်၊ အဂတိကင်းရှင်းစွာဖြင့် ရိုးရိုး သားသား၊ ကြိုးကြိုးစားစား တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ မိမိဌာနအလိုက် ရည်မှန်းချက် တာဝန်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံသစ်တောကျောင်းဝင်းအတွင်း စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်နှင့် စုဝေးခန်းမ တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံ မြေတိုင်းသင်တန်းကျောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

date: 
Thursday, August 20, 2026 - 14:30