ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား
၇-၉-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်း အနားအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ်၌လည်းကောင်း၊ ကျောက်မျက်ရတနာသင်တန်း ကျောင်း၊ အမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျောက်မျက်ရတနာ သင်တန်းကျောင်း၌ လည်းကောင်း ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသည့် အကြောင်း အရင်းများ၊ လူသားများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ပိုမိုသိရှိ နားလည်လာစေရန်နှင့် လေထုအရည်အသွေး ကောင်းမွန်လာစေမည့် လက်တွေ့ဆောင်ရွက်မှုများကို ကမ္ဘာတစ်ဝှမ်း မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်းအနားအား နှစ်စဉ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပရခြင်း ဖြစ်ကြောင်း၊ ယခုနှစ်မှာ “Clean Air for Climate Action” “ရာသီဥတုကောင်းမွန်ဖို့ သန့်ရှင်းသော လေဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ ကျင်းပသွားမှာ ဖြစ်ပါကြောင်း၊ သန့်ရှင်းသော လေထုအတွက် ကြိုးပမ်း ဆောင်ရွက်မှုသည် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ပေးခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆုံးရှုံးမှုများကို လျော့ချပေးနိုင်ခြင်းတို့အတွက် အကျိုး ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ပူးပေါင်း၍ Fire Hotspot လျှော့ချရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် လေထုအရည်အသွေး ပိုမိုကောင်းမွန် လာစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် တစ်နိုင်ငံလုံး ပတ်ဝန်းကျင်လေထုအရည် အသွေးစောင့်ကြည့် တိုင်းတာပြီး အများပြည်သူ များသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ကျောက်မျက်ရတနာသင်တန်းကျောင်း၊ အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက် ရတနာများကို ကျောက်အရိုင်း အနေဖြင့် ရောင်းချခြင်းအစား တန်ဖိုးမြှင့် အချောထည်နှင့် လက်ဝတ်ရတနာများ ပြုလုပ်၍ နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန်၊ နိုင်ငံအတွင်း ကျောက်မျက်ရတနာ အချောထည် ဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျောက်မျက်ရတနာသင်တန်းကျောင်းအား ၂၀၁၇ ခုနှစ်မှစတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အမှတ်စဉ် (၁)မှ(၅)အထိ သင်တန်းသား (၄၅၉)ဦးအား စာတွေ့/ လက်တွေ့လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အမှတ်စဉ်(၆)သင်တန်းသို့ သင်တန်းသား(၅၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျောက်မျက်ရတနာ ထုတ်လုပ်မှု လုပ်ငန်းခွင်များတွင် လက်တွေ့ အသုံးချနိုင်ရန်နှင့် မြန်မာ့ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာများကို နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားဆောင်ရွက်သွားရန် ပြောကြားပြီး သင်တန်း သားများအား စာတွေ့၊ လက်တွေ့သင်ကြားပေးမည့် သင်ကြားရေး အထောက်အကူ ပစ္စည်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
