ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းခိုလမ်ကြိုးပြင်ကာကွယ်တောသတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းကျရောက်နေ သည့်ဧရိယာအကျယ်အဝန်း(၃၀,၇၅၅)ဧကရှိသောနယ်မြေကို“ခိုလမ်ကြိုးပြင်ကာကွယ်တော”အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၄)ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်)မှစ၍ သတ်မှတ်လိုက်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေ၊ မြေထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုကောင်းမွန်မျှတလာစေရန်၊ သစ်တောထွက်ပစ္စည်းများစဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး ပြုစုထိန်းသိမ်းရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိပြီး အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေများတွင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများတိုးချဲ့ဖွဲ့စည်းလာနိုင်ခြင်းဖြင့် သစ်တောနယ်မြေများ တိုးပွားလာစေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောကိုသတ်မှတ်ခြင်းဖြစ်ပါသည်။ ခိုလမ်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့်ပေါက်ရောက်လျက်ရှိသော အင်ကြင်း၊ ထင်းရှူး၊သစ်ယား၊ ထောက်ကြံ့၊ ယမနေ၊ သစ်မန်ကျည်း၊ သစ်နီ၊ ရင်းစပ်၊ သစ်စေး၊ ဇီးဖြူ၊ ကြို့၊ ရင်းတိုက်၊ လက်ပံနှင့် မျှင်ဝါးတောများကိုထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဝက်ဝံ၊ ယုန်၊ တောဝက်၊ ဂျီ၊ တောကြောင်၊ ကြက်တူရွေး၊ ဗျိုင်းငှက်များ၏ နေရင်းဒေသများ ထိန်းသိမ်းခြင်းအားဖြင့် ဂေဟစနစ်ပိုမို ကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတတ်မှု အထောက်အကူပြုနိုင်ခြင်း နှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ချပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

date: 
Thursday, September 10, 2026 - 09:45