သတ္တမအကြိမ်ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်အခြေအနေအလားအလာအစီရင်ခံစာ(Global Environment Outlook 7 (GEO-7)တွေ့ရှိချက်များနှင့်အရေးကြီးသတင်းစကားများဆောင်းပါး
သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ အလားအလာ အစီရင်ခံစာ (Global Environment Outlook 7 (GEO-7) တွေ့ရှိချက်များနှင့် အရေးကြီး သတင်းစကားများ
သစ်တောမောင်
ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ အလားအလာ အစီရင်ခံစာ (GEO)
ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ အလားအလာ အစီရင်ခံစာ (GEO) သည် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အဓိက ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင် အကဲဖြတ် အစီရင်ခံစာတစ်ခုဖြစ်သည်။ သိပ္ပံနှင့်မူဝါဒအကြား ချိတ်ဆက်ပေးသည့် ယန္တရားတစ်ခု အဖြစ်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များ၊ တက္ကသိုလ်များနှင့် သုတေသနအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်အဖြစ်လည်းကောင်း၊ ပတ်ဝန်းကျင်အခြေ အနေ၊ မူဝါဒများ၏ ထိရောက်မှုနှင့် အနာဂတ်အလားအလာများကို အကဲဖြတ်သည့်စနစ်အဖြစ် လည်းကောင်း ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ အလားအလာ အစီရင် ခံစာများ (GEO) ကို ပြုစုထုတ်ဝေခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် အခြေ အနေ အလားအလာ အစီရင်ခံစာ (GEO 7) သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်အတွင်း ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေကို သိပ္ပံနည်းကျ အကဲဖြတ်တင်ပြလာခဲ့သော အရေးပါဆုံး ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတစ်ခုလည်းဖြစ်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအတွက်သာမက စီးပွားရေးဖွံ့ဖြိုးမှု၊ စားရေရိက္ခာဖူလုံရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပြီး နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခွဲခြား၍မရသော အရေးကိစ္စများဖြစ်ပါသည်။ GEO-7 အစီရင်ခံစာ၏ အဓိကခေါင်းစဉ်သည် “ကျွန်တော်တို့ ရွေးချယ်သော အနာဂတ်” (The Future We Choose) ဖြစ်သည်။
ကမ္ဘာကြီး ရင်ဆိုင်နေရသော သုံးပွင့်ဆိုင်အကျပ်အတည်း (Triple Planetary Crisis)
GEO-7 အစီရင်ခံစာအရ ယနေ့ကမ္ဘာကြီး တွင် လက်ရှိဖြစ်ပေါ်နေသော ပတ်ဝန်းကျင် ဆိုင်ရာ အဓိကသုံးပွင့်ဆိုင်အကျပ်အတည်း (Triple Planetary Crisis) ၃ ခုကို အောက်ပါ အတိုင်း ဖော်ထုတ်ထားသည်-
(၁) ရာသီဥတုပြောင်းလဲခြင်း၊
(၂) ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးခြင်းနှင့် ဂေဟစနစ်ယိုယွင်းပျက်စီးခြင်း နှင့်
(၃) ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် စွန့်ပစ်ပစ္စည်းပြဿနာများ၊
ဤအကျပ်အတည်း ၃ ရပ်သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်နွှယ်လျက်ရှိပြီး လူသားတို့၏ စားရေရိက္ခာဖူလုံရေး၊ ရေဖူလုံရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တို့ကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိပါသည်။
၁။ ရာသီဥတုပြောင်းလဲမှု။ ရာသီဥတုပြောင်းလဲမှုသည် ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ် သည်။ စက်မှုတော်လှန်ရေးမတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ပျမ်းမျှ အပူချိန် သည် ၁.၂ ဒီဂရီ ဆဲလ်စီးယပ်ခန့် မြင့်တက်လာပြီးဖြစ်သည်။ GEO-7 အစီရင်ခံစာအရ လက်ရှိအခြေအနေအတိုင်း ဆက်လက်ဖြစ်သွားပါက ရာစုအကုန်တွင် ကမ္ဘာ့အပူချိန် ၂.၅ ဒီဂရီ ဆဲလ်စီးယပ် မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားသည်။ ယင်း အခြေအနေသည် စားရေရိက္ခာထုတ်လုပ်မှု ကျဆင်းခြင်း၊ ရေရှားပါးမှု ပိုမိုဆိုးရွားလာ ခြင်း၊ စီးပွားရေးဆုံးရှုံးမှုများနှင့် သဘာဝ ဘေးအန္တရာယ်များ တိုးမြင့်လာခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေး လာမှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်အထိ လျှော့ ချကန့်သတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၁၉ ခုနှစ် အဆင့်များနှင့် နှိုင်းယှဉ်ပါက ၂၀၃၀ ပြည့်နှစ် တွင် ၄၂ ရာခိုင်နှုန်း နှင့် ၂၀၃၅ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း လျှော့ချရမည်ဖြစ်သည်။
၂။ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုနှင့် ဂေဟစနစ်ပျက်စီးမှု။ သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးမြေချဲ့ထွင်မှု၊ အလွန်အကျွံသယံဇာတထုတ်ယူမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ ပြင်ပမျိုး စိတ်များ ဝင်ရောက်ပျံ့နှံ့မှုတို့ကြောင့် သဘာဝဂေဟစနစ်များ ပျက်စီးဆုံးရှုံးလျက်ရှိသည်။ သုတေသနတွေ့ရှိချက်များအရ ကမ္ဘာတစ်ဝန်းရှိ ဂေဟစနစ်များတွင် ဒေသအလိုက် မျိုးစိတ် ကြွယ်ဝများမှုသည် ပျမ်းမျှအားဖြင့် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီးဖြစ်သည်။ ခန့်မှန်းခြေအား ဖြင့် မျိုးစိတ် ၈ သန်းအနက် မျိုးစိတ် ၁ သန်းသည် လက်ရှိတွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေပြီး ဆယ်စု နှစ်များအတွင်း ထပ်မံတိုးပွားလာနိုင်သည်ဟု ခန့် မှန်းထားပါသည်။ ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း မြေဩဇာကောင်းမွန်ပြီး ထုတ်လုပ်မှုကောင်းသော မြေဧရိယာ ဟက်တာ သန်း ၁၀၀ ကျော်သည် နှစ်စဉ်ဆုံးရှုံးခဲ့ရသည်။
၃။ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်းပြဿနာ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုသည် အထူး သတိထားရမည့် ကမ္ဘာ့အန္တရာယ်တစ်ခုဖြစ်သည်။ လေထုညစ်ညမ်းမှု၊ ပလတ်စတစ်ညစ် ညမ်းမှု၊ ဓာတုပစ္စည်းညစ်ညမ်းမှု၊ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်း စွန့်ပစ် ပစ္စည်းများသည် အဓိကညစ်ညမ်းမှုများဖြစ်သည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန် သန်း ပေါင်းများစွာသည် နှစ်စဉ်ပင်လယ်နှင့် မြစ်ချောင်းများအတွင်းရောက်ရှိနေပြီး ရေနေသတ္တဝါ များကို ထိခိုက်စေလျက်ရှိသည်။ ပလတ်စတစ်ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် မက်ထရစ် တန်ချိန် ၄၇၅ သန်း မှ ၂၀၆၀ ပြည့်နှစ်တွင် မက်ထရစ် တန်ချိန် ၁၂၀၀ အထိ မြင့်တက်လာ မည်ဟု ခန့်မှန်းထားသည်။ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ကျန်းမာရေးနှင့် ဆက်စပ်သော စီးပွားရေးဆုံးရှုံးမှုများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံကျော်ရှိသည်။ ယနေ့ ကမ္ဘာပေါ်တွင် နှစ်စဉ် လူသန်းပေါင်းများစွာသေဆုံးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ လေထုညစ်ညမ်းမှုဖြစ်သည်။ လေထုအရည်အသွေးအနေဖြင့် ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင် နှုန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စံသတ်မှတ်ချက်ဖြစ်သည့် 5μg/m3 ထက် ကျော်လွန်သော အမှုန်အမွှား (PM2.5) များကို ထိတွေ့နေရသည်။ ၂၀၂၁ ခုနှစ်တွင် လေထုညစ် ညမ်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၈.၁ သန်း သေဆုံးခဲ့သည်။ နှစ်စဉ် အစိုင်အခဲစွန့်ပစ် ပစ္စည်းများသည် လက်ရှိတွင် တန်ချိန် ၂ ဘီလီယံ ထက်ကျော်လွန်ပြီး ၂၀၅၀ ပြည့်နှစ်တွင် တန်ချိန် ၃.၈ ဘီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ဆီသို့ အသွင်ကူးပြောင်းခြင်း
GEO-7 အစီရင်ခံစာတွင် “ကမ္ဘာ့ပတ်ဝန်းကျင် အနာဂတ်သည် ကြိုတင်သတ်မှတ်ထား သော ကံကြမ္မာမဟုတ်ဘဲ ယနေ့ ကျွန်ုပ်တို့ရွေးချယ်သည့် မူဝါဒများနှင့် ဆုံးဖြတ်ချက်များ အပေါ်မူတည်နေကြောင်း”၊ “လူသားတို့၏ အနာဂတ်သည် ယနေ့ ရွေးချယ်သော လုပ်ဆောင် ချက်များပေါ်တွင် မူတည်နေကြောင်း” အရေးကြီးသတင်းစကားကို ကမ္ဘာ့ပြည်သူများထံ ပေးပို့ထားသည်။ GEO-7 အစီရင်ခံစာ၏ အရေးပါဆုံးတွေ့ရှိချက်တစ်ခုမှာ “ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် ကုန်ကျစရိတ်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုဖြစ်သည်” ဟူသော အချက်ဖြစ် သည်။ ရေရှည်တည်တံ့သော ပတ်ဝန်းကျင်သို့ အသွင်ကူးပြောင်းခြင်းအတွက် အစိမ်းရောင် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။ ရေရှည် တည်တံ့သော ပတ်ဝန်းကျင်ဆီသို့ အသွင်ကူးပြောင်းနိုင်ရန် အောက်ဖော်ပြပါ အဓိကစနစ်ကြီး ၅ ခုကို အသွင်ပြောင်းလဲရမည်ဟု အဆိုပြုထားသည် -
၁။ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်။ GEO-7 အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းတွင် စွမ်းအင်၊ အစားအစာနှင့် သတ္တုတူးဖော်ရေးတို့တွင် ပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများ အတွက်ထောက်ပံ့ကြေး (Subsidies) များသည် နှစ်စဉ်ဒေါ်လာ ၁.၅ ထရီလီယံခန့်ရှိနေသည်။ မူဝါဒချမှတ်သူများအနေဖြင့် စိမ်းလန်းသော ဘဏ္ဍာငွေကြေးစနစ် (Green Finance)၊ သဘာဝ အရင်းအနှီး စာရင်းအင်းပြုစုခြင်း (Natural Capital Accounting)၊ ကာဗွန်ထုတ်လွှတ်မှု တန်ဖိုး သတ်မှတ်ခြင်း (Carbon Pricing)နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခွန်စနစ်ပြုပြင်ပြောင်းလဲခြင်း (Environmental Tax Reform) တို့ကို အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပေါင်းစပ်ဆောင်ရွက်နိုင်ပါသည်။ ၂၀၅၀ ပြည့် နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညအဆင့် (Net Zero Emission) သို့ ရောက်ရှိရန် အတွက် နှစ်စဉ်လိုအပ်သော အမေရိကန် ဒေါ်လာ ၆ ထရီလီယံကျော်ကို ပံ့ပိုးပေးအပ်ရန်နှင့် ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံး ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမူဘောင် (Kunming Montreal Global Biodiversity Framework-KMGBF) ကို အကောင်အထည်ဖော်ရန်အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၇၀၀ ဘီလီယံ လိုအပ် ချက်ကို ဖြည့်ဆည်းရန်အတွက် ဘဏ္ဍာရေး စီးဆင်းမှုများကို ပြန်လည်ချိန်ညှိရန် လိုအပ် ကြောင်း အကြံပြုထားသည်။
၂။ စွမ်းအင်စနစ်။ အသားတင်ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိစေရေး (Net Zero) ရည်မှန်းချက် အောင်မြင်ရန် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ရေအားလျှပ်စစ်၊ ဇီဝဒြပ်ထုစွမ်းအင် ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အရှိန်မြှင့် တိုးချဲ့ရန် အဆိုပြုထားပါသည်။ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရမည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် မူလစွမ်းအင်၏ ၇၅ ရာခိုင်နှုန်းကျော်သည် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော သို့မဟုတ် ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသော အရင်းအမြစ်များမှ ထုတ်ယူနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် ဓာတ်အားလိုင်းစနစ်များတွင် ရင်းနှီးမြှုပ်နှံမှုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ရန်လို အပ်မည်ဖြစ်ကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စွမ်းအင်ရရှိ နိုင်ရန်အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်း ထားပါသည်။
၃။ စားရေရိက္ခာစနစ်။ GEO-7 အစီရင်ခံစာ၏ ခန့်မှန်းချက်အရ လက်ရှိအသုံးပြုနေသော စားရေရိက္ခာထုတ်လုပ်မှုနှင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုစနစ်များကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုကုန်ကျစရိတ်သည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၅ ထရီလီယံခန့် ကုန်ကျလျက်ရှိ ကြောင်းနှင့် အဆိုပါ ပမာဏသည် တစ်နာရီလျှင် ဒေါ်လာ ၅ ဘီလီယံခန့်၊ တစ်နေ့လျှင် ဒေါ်လာ ၁၂၀ ဘီလီယံခန့် ဆုံးရှုံးနေခြင်းနှင့်ညီမျှသည်ဟု ဆိုပါသည်။ လူသားများ ကောင်းကျိုး ချမ်းသာရရှိစေရေးအတွက် စနစ်ပြောင်းလဲမှုများ ဆောင်ရွက်ပါက ၂၀၅၀ ပြည့်နှစ်တွင် အချိန် မတိုင်မီ သေဆုံးမှု ၉ သန်းကျော်နှင့် ၂၁၀၀ ပြည့်နှစ်တွင် သေဆုံးမှု ၅၀ သန်းကျော်ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးလုပ်ငန်း (Climate Smart Agriculture)၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော ငါးမွေးမြူရေးလုပ်ငန်းနှင့် ရေလုပ် ငန်းတို့ကို တိုးချဲ့ရန်၊ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အခြေခံသော ပစ္စည်းများ တိုးမြှင့်သုံးစွဲရန်အကြံပြုထားသည်။ လက်ရှိအချိန်တွင် ထုတ်လုပ်သော အစား အစာအားလုံး၏ ၃၅ ရာခိုင်နှုန်းသည် နည်းလမ်းမျိုးစုံဖြင့် ဆုံးရှုံးခြင်း၊ အလဟဿဖြစ်ခြင်းကို တွေ့ရှိရပြီး အစားအစာဆုံးရှုံးမှုများနှင့် အလဟဿဖြစ်မှုများကိုလျှော့ချရန် တိုက်တွန်းထား သည်။
၄။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်ပြီး သဘာဝ အရင်းအမြစ်များကို ထုတ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ စွန့်ပစ်ခြင်း (Take-Make-Dispose) ဟူသည့် စီးပွားရေးပုံစံမှ သဘာဝအရင်းမြစ်များကို တစ်ခါသုံးစွဲပြီး စွန့်ပစ်ခြင်းမျိုး မဟုတ်ဘဲ ပြန်လည် အသုံးပြုခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ပြန်လည်အသုံးချခြင်းဟူသည့် ပတ်လည် စီးပွားရေးစနစ် (Circular Economy) သို့ ကူးပြောင်းရမည်ဟု အလေးပေးဖော်ပြထားသည်။ ၂၀၄၀ ပြည့်နှစ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၈၀ ရာခိုင်နှုန်း လျှော့ချခြင်းဖြင့် အသားတင် ငွေစုဆောင်းမှုကို ဖြစ်ပေါ်စေနိုင်ပြီး အပိုကုန်ကျစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လျှပ်စစ်စွန့်ပစ်ပစ္စည်းများသည် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၆၂ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅.၈ ဘီလီယံ တန်ဖိုးရှိသည့် ဈေးကွက် အလားအလာကောင်းများရှိနေသည်ဟု ဆိုပါသည်။ လျှပ်စစ်စွန့်ပစ် ပစ္စည်းများအား ပြန်လည်အသုံးပြုနိုင်ရန် တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် စီးပွား ရေးအကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါသည်။
၅။ ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုစနစ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်နိုင်ရန် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ် (Good Governance) လိုအပ်ပါသည်။ တရားဥပဒေစိုးမိုးရေး၊ ပတ်ဝန်းကျင်စောင့်ကြည့်ရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်ရေး၊ ဒေသ တွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့ကို အားကောင်းစေရေးဆောင်ရွက်ရန် တိုက် တွန်းထားပါသည်။ ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမှု မူဘောင် (KMGBF) ၏ ရည်မှန်းချက် ၃ နှင့်အညီ မြေ၊ ရေနှင့် ပင်လယ် ဧရိယာများ၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းစောင့်ရှောက်ရန် အဆိုပြုထားပါသည်။ သဘာဝအခြေခံ ဖြေရှင်းခြင်းများ (Nature-based Solutions-NbS) နှင့် လိုက်လျောညီထွေဖြစ်စေရန် စနစ်တကျရေးဆွဲထားသည့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုပုံစံများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ကြရန် တိုက် တွန်းထားပါသည်။
နိုင်ငံများအလိုက် ဖြေရှင်းရန်နည်းလမ်းများ
GEO-7 အစီရင်ခံစာသည် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရန် သဘာဝ အခြေခံဖြေရှင်းခြင်းနည်းလမ်းများ (NbS) များကို အထူးအလေးပေးထားသည်။ ဥပမာ သစ်တောများပြန်လည်တည်ထောင်ခြင်း၊ ဒီရေတောများထိန်းသိမ်းခြင်း၊ ရေဝေရေလဲ ဒေသများ ပြန်လည်ထူထောင်ခြင်း၊ မြို့ပြစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းတို့ကို ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သင့် ကြောင်း အလေးပေးဖော်ပြထားသည်။
ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရာတွင် ဝင်ငွေမြင့်နိုင်ငံများ အနေဖြင့် အရင်းအမြစ်များစွာ အသုံးပြုသော လူနေမှုပုံစံများကို သိသာစွာလျှော့ချခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုဖြစ်စေနိုင်သည့် ဆောင်ရွက်ချက်များကို ရှောင်ရှားခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲမှု ကြိုးပမ်းမှုများအတွက် နည်းပညာနှင့်ငွေကြေး ထောက်ပံ့ခြင်းဖြင့် ပံ့ပိုးကူညီကြရမည်ဖြစ်သည်။ ဝင်ငွေအလယ်အလတ်နိုင်ငံများ အနေဖြင့် လည်း လက်ရှိ စီးပွားရေးတိုးတက်မှုကို အစိမ်းရောင်စီးပွားရေးဆိုင်ရာမူဝါဒများ၊ ဆန်းသစ် တီထွင်မှုရှိပြီး ဂေဟစနစ်နှင့် သဟဇာတဖြစ်သော အခြေခံအဆောက်အအုံများ၊ ဖွံ့ဖြိုးတိုး တက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဟန်ချက်ညီသော ဆောင်ရွက်မှုများကို ဦးစား ပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ ဝင်ငွေနည်းနိုင်ငံများအနေဖြင့် ခေတ်မမီတော့သော၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းပျက်စီးထိခိုက်စေသော ကုန်ထုတ်လုပ်မှုစနစ်၊ စီးပွားရေးစနစ် များကို စွန့်လွှတ်ပြီး နည်းပညာများအသုံးပြု၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အစိမ်း ရောင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန်တိုက်တွန်း ထားပါသည်။
GEO-7 အစီရင်ခံစာ၏ အဓိကသတင်းစကားများ
GEO-7 အစီရင်ခံစာ၏ အရေးကြီးဆုံးသင်ခန်းစာမှာ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး သည် သဘာဝထိန်းသိမ်းရေးကဏ္ဍတစ်ခုတည်း၏ တာဝန်မဟုတ်တော့ဘဲ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စားရေရိက္ခာဖူလုံရေး၊ ရေလုံခြုံဖူလုံမှုရှိစေရေး၊ ကျန်းမာရေးနှင့် အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာပြီ။” ဟူသော သတင်းစကားနှင့် “ကျွန်ုပ်တို့၏ ယနေ့ဆုံးဖြတ်ချက်များသည် ရာစုနှစ်တစ်ခုလုံး၏ အနာ ဂတ်ကို ဆုံးဖြတ်မည်ဖြစ်သည်။” ဟူသော သတင်းစကားများဖြစ်သည်။ GEO-7 အစီရင်ခံစာ၏ သတင်းစကားများသည် ကမ္ဘာလုံးဆိုင်ရာပြဿနာများဟုဆိုသော်လည်း မိမိတို့နိုင်ငံ ပတ်ဝန်း ကျင်ကဏ္ဍအတွက် အထူးအလေးထားသင့်သော သတင်းစကားများဟုလည်း ဆိုနိုင်ပါသည်။ လက်ရှိရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်အတွက် စီးပွားရေး၊ စွမ်း အင်၊ စားရေရိက္ခာ၊ သဘာဝသယံဇာတနှင့် စီမံအုပ်ချုပ်မှုစနစ်များကို စနစ်တကျ ပြုပြင် ပြောင်းလဲခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး စစ်မှန်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်သည်။
ကိုးကား
United Nations Environment Programme (2025). Global Environment Outlook 7: A future we choose – Why investing in Earth now can lead to a trillion-dollar benefit for all. Nairobi.






