မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီ၊ အမျိုးသားမြေအသုံးချမှု မူဝါဒ မူဘောင်(မူကြမ်း)ရေးဆွဲရေးဆိုင်ရာ အစည်းအဝေးကျင်းပခြင်း သတင်း ( ၂၀-၁၂-၂၀၁၃ ၊ နေပြည်တော် )

မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီသည် နိုင်ငံတော်၏ လူမှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အချိုးညီဆောင်ရွက်နိုင်ရန် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အား ရေးဆွဲတင်ပြနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ် များချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

          အမျိုးသားမြေအသုံးချမှု မူဝါဒရေးဆွဲရေးလုပ်ငန်းတွင် အဓိကအရေးပါသည့် မြေအသုံးချ မှု မူဝါဒ မူဘောင်များချမှတ်ရန်အတွက် ကော်မတီ၏လုပ်ငန်းအဖွဲ့များ၊ အတိုင်ပင်ခံပညာရှင်များ၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်နှင့် အမျိုးသားနည်းပညာအကြံပေးများ ပူးပေါင်း၍ ရေးဆွဲခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒ မူဘောင်(မူကြမ်း)အား တင်ပြဆွေးနွေးသည့် အစည်းအ​ဝေးအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဦးစီး ရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီ အတိုင်ပင်ခံပညာ ရှင်များ၊ ပင်မလုပ်ငန်းအဖွဲ့ဝင်များ၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်နှင့် အမျိုးသားနည်းပညာ အကြံပေးများ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန မှတာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း(၅၀)ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးက သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ အား ကာလသတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး၊ အရှိန်အဟုန်မြှင့်တင်နိုင် ရေးဆွေးနွေးပြောကြားခဲ့ပြီး၊ အမျိုးသားနည်းပညာအကြံပေးများမှ မြေအသုံးချမှု မူဝါဒ မူဘောင် (မူကြမ်း)အား ရှင်းလင်းတင်ပြခြင်း၊ ပင်မလုပ်ငန်းအဖွဲ့ဝင်များ၊ အတိုင်ပင်ခံပညာရှင်များမှ ဆွေးနွေးအကြံပြုခြင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့မှ တင်ပြ သည့် အမျိုးသားမြေအသုံးချမှု မူဝါဒ မူဘောင်(မူကြမ်း)အား တက်ရောက်သူများမှ သဘောတူ ဆုံးဖြတ်ခြင်း၊ မြေယာခွဲဝေအသုံးချမှုကော်မတီ စိစစ်ဆောင်ရွက်ရေး လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်မှုအခြေအနေများအား ပြည်သူလူထုသို့ အသိပေးတင်ပြခြင်းနှင့် ဆောင်ရွက်မည့် အစီ အစဉ်များအား ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

          အဖွဲ့ဝင်(၂၁)ဦးပါဝင်သော မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီကို နိုင်ငံ တော်သမ္မတရုံး၏ (၁၈.၆.၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၁/၂၀၁၂ ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်သမ္မတရုံး၏ (၉.၁၁.၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၄/၂၀၁၂ ဖြင့် အဖွဲ့ဝင်(၄)ဦး ဖြည့်စွက်ဖွဲ့စည်းခဲ့ပြီး ကော်မတီအစည်းအဝေး(၃)ကြိမ်ကျင်းပ၍ ဆုံးဖြတ်ချက် များချမှတ်ခြင်း၊ ပင်မလုပ်ငန်း အဖွဲ့အစည်းအဝေး(၆)ကြိမ်ကျင်းပ၍ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ အမျိုးသားအဆင့်မြေယာအသုံးချမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာဆွေးနွေးပွဲများကျင်းပခြင်း၊ မြေအသုံးချမှုဆိုင်ရာ မြေပြင်အချက်အလက်စာရင်း ဇယားများကောက်ယူရေးနည်းပညာသင်တန်းနှင့် GPS အသုံးပြု မှု သရုပ်ပြဆောင်ရွက်ခြင်း၊ တောင်ငူမြို့နယ် မြေအသုံးချမှုဆိုင်ရာ ရှေ့ပြေးကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊ FAO အဖွဲ့နှင့်ပူးပေါင်း၍ မြေယာ၊ သားငါး၊ သစ်တော လုပ်ပိုင်ခွင့်ဆိုင်ရာ စီမံအုပ်ချုပ်မှု အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ဖွဲ့စည်းခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သစ်တောနယ် မြေအတွင်း နှစ်ကာလအတန်ကြာ အခြေချနေထိုင်လျက်ရှိသည့် အိမ်စု၊ ရွာစုများအား ကျေးရွာ သစ်များအဖြစ် သစ်တောမြေမှ ပယ်ဖျက်ကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အစီအမံများနှင့်အညီ စုစည်းနေရာချထားခြင်း၊ သတင်းထုတ်ပြန်ရှင်လင်းပွဲကျင်းပခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိ ရပါသည်။

          ကော်မတီ၏ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာ Satellite Data များ၊ ဆက်စပ်ပစ္စည်းကိရိယာများ၊ ကူညီထောက်ပံ့မှုများနှင့် ရန်ပုံငွေရရှိရေး ဆက်သွယ်ညှိနှိုင်းဆောင် ရွက်ခြင်း၊ မြေယာအသုံးချ စီမံဆောင်ရွက်နေသော ဌာနအသီးသီး၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသုံးသပ်ပြီး လိုအပ်သလိုပြင်ဆင်ရေးဆွဲခြင်း၊ မြေအသုံးချမှု မူဝါဒ(မူကြမ်း)(Draft Land Use Policy)ရေးဆွဲခြင်း၊ မြေအသုံးချမှုဥပဒေ(Land Law) မူကြမ်းရေးဆွဲတင်ပြခြင်း၊ ပြည်သူလူထုများအား အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းနှင့် မြေယာစီမံအုပ်ချုပ်မှု စီမံချက်(Land Use Management Plan) ရေးဆွဲ ခြင်းတို့ဖြစ်ကြောင်း သတင်းရရှိပါသည်။