ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှပ်နှံမှုဖြင့် နှစ်ရှည်သစ်တောစိုက်ခင်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းထွန်း၏ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှပ်နှံမှုဖြင့်
နှစ်ရှည်သစ်တောစိုက်ခင်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်
ရှင်းလင်းဆွေးနွေးခြင်းသတင်း
(၁၃-၁-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သည် (၁၃-၁-၂၀၁၄) ရက်နေ့ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မဲဇလီကြိုးဝိုင်းအကွက်အမှတ် (၈၄) နှင့် ဆင်မကြိုးဝိုင်းအကွက်အမှတ် (၇၆) အတွင်းရှိ သဘာဝသစ်တောများ အခြေအနေနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် သစ်တောစိုက်ခင်းစီမံကိန်း လျာထားဧရိယာများအား ကြည့်ရှု့စစ်ဆေးခဲ့ ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်တရာကြိုးဝိုင်းအကွက်အမှတ် (၁၁၆) ရှိ Asia World Co., Ltd ၏နှစ်ရှည်စိုက်ခင်းစီမံကိန်း ရှင်းလင်းဆောင်တွင် ပုသိမ်ခရိုင်အတွင်း သစ်တောသယံဇာတ ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ပြည်ပရင်းနှီးမြှပ်နှံမှု သစ်တောစိုက်ခင်း စီမံကိန်းဆောင်ရွက်ရန် တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တော/သတ္တုဝန်ကြီးဌာန ဝန်ကြီးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပုသိမ်ခရိုင်၊ ငပုတော၊ သာပေါင်း၊ ပုသိမ်နှင့် ရေကြည် မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ ပုဂ္ဂလိကစိုက်ခင်းလုပ်ငန်းရှင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများမှ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၄၀) ဦး တက်ရောက်ခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောဂေဟစနစ်များ တည်မြဲနေမှသာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် ယခင်က သစ်တောသယံဇာတများ ပေါများကြွယ်ဝပြီး သစ်နှင့် သစ်တောထွက်ပစ္စည်း များကို လုံလောက်စွာ ထုတ်ယူသုံးစွဲနိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် လူဦးရေတိုးပွား လာမှုနှင့်အတူ လယ်ယာမြေများတိုးချဲ့ခြင်း၊ ငါးနှင့်ပုဇွန်မွေးမြူရေးလုပ်ငန်းများအတွက် ဒီရေရောက် သစ်တောများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်နှင့်ထင်းမီးသွေးအလွန်အကျွံ ထုတ်ယူသုံးစွဲမှုများ ကြောင့်သစ်တောများပျက်စီးပြုန်းတီးခဲ့ပါကြောင်း၊ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ်တော ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောဧရိယာသည် စုစုပေါင်းဧရိယာ၏ ၂၀.၈၇% ရှိသော်လည်း သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၁၂.၀၆%သာကျန်ရှိတော့ပါကြောင်း၊ သစ်တောပြုန်းတီးမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် နာဂစ်မုန်တိုင်း အပါအဝင် သဘာဝဘေးအန္တရာယ်များကို ပြည်သူများ ခံစားနေရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် သစ်တော ကဏ္ဍမှ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးနှင့် သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့စေရေးအတွက် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ အတွင်း ပျက်စီးပြုန်းတီးသွားသော တောနိမ့်တောပျက်များတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် စီးပွားရေး နှင့်စက်မှုကုန်ကြမ်း သစ်တောစိုက်ခင်းများကို နှစ်ရှည်မြေငှားရမ်းသည့်စနစ်ဖြင့်တည်ထောင်ခွင့်ပြုလျက် ရှိပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် သစ်တောကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သစ်တောစိုက်ခင်းများမှ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ်သုံးစွဲနိုင်ရန်၊ သစ်တောမြေများကို စနစ်တကျ အသုံးပြုရန်နှင့် ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှပ်နှံမှု သစ်တောစိုက်ခင်းကြီးများ ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် Corporate Social Responsibility (CSR) လုပ်ငန်းများ ထည့်သွင်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း (EIA, SIA)၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ် (EMP) နှင့် ဂေဟ စနစ်ဆိုင်ရာဝန်ဆောင်မှုအတွက် ပေးချေသည့်စနစ် (Payment for Ecosystem Services-PES) တို့ကိုပါ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်မည့်ဒေသရှိ ပြည်သူလူထု၏ သဘောထားနှင့်ဆန္ဒများရယူကာ ဆောင်ရွက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များအား ယှဉ်ပြိုင်စနစ်ဖြင့် အကောင်းဆုံး အဆိုပြုသူကို ရွေးချယ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စိုက်ခင်းစီမံကိန်းဆောင်ရွက်ခြင်းကြောင့် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖွံ့ဖြိုးရေးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့် သတင်းမီဒီယာများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို ညနေ (၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။