မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအတွက် စွမ်းအားမြှင့်မီးဖိုဈေးကွက်ဖော်ဆောင်ပေးခြင်းဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီ:ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းသည် ယနေ့နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ သစ်တောဦးစီးဌာနနှင့် Mercy Corps တို့ ပူးပေါင်းဆောင်ရွက် ကျင်းပသည့် "မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအတွက် စွမ်းအားမြှင့်မီးဖို ဈေးကွက် ဖော်ဆောင်ပေးခြင်းဆိုင်ရာကနဦးအလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီ:များ၊ လုပ်ငန်း/ဌာနများမှ အကြီးအကဲများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ Mercy Corps မှကိုယ်စားလှယ်များ၊ သတင်းမီဒီယာများတက်ရောက်ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သစ်တောဦးစီ:ဌာနနှင့် Mercy Corps တို့ ပူးပေါင်း၍မြန်မာနိုင်ငံ ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဈေးကွက်ကွန်ယက်များ တည်ထောင်ခြင်းလုပ်ငန်းစီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီ:လုပ်ငန်းစတင်ခဲ့ကြောင်း၊ စီမံကိန်းတွင် လုပ်ငန်းနယ်ပယ်(၂)ခုပါဝင်ပြီး ပထမလုပ်ငန်းစဉ်ဖြစ်သည့် ဘက်စုံလွှမ်းခြုံပါဝင်သော သဘာဝသယံဇာတ စီမံအုပ်ချုပ်မှု အစီအစဉ်ဆိုင်ရာ ကနဦးဆွေးနွေးပွဲကို (၁၂.၁၁.၂၀၁၃)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၎င်းအလုပ်ရုံဆွေးနွေးပွဲမှ သဘာ၀သယံဇာတ စီမံအုပ်ချုပ်မှု၌ ဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်နိုင်ရေး၊ သဘာဝသယံဇာတအပေါ် အခြေပြု၍ အငြင်းပွားမှုများ ဖြေရှင်းရာတွင် တူညီသော စိတ်ဝင်စားမှုအခြေခံသည့် ညှိနှိုင်းဆွေးနွေးခြင်း(Interest-based Negotiation) နည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ ပါကြောင်း၊
ယခုအလုပ်ရုံဆွေးနွေးပွဲသည် ဒုတိယလုပ်ငန်းစဉ်ဖြစ်သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် သဘာဝဝန်းကျင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဈေးကွက်ကွန်ယက်များ တည်ထောင် ခြင်းအစီအစဉ်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွင်း စွမ်းအားမြှင့်မီးဖို ဖြန့်ဝေခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆက်စပ်ပတ်သက်သော ဌာနဆိုင်ရာများနှင့် ပြည်သူ များအကြား ပိုမိုကျယ်ပြန့်စွာ သိရှိစေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ စီမံကိန်း ဧရိယာအတွင်း ထင်းလောင်စာသုံးစွဲမှု လျော့ကျနိုင်စေရေး၊ သစ်တောပြုန်းတီးမှုလျော့ပါး သက်သာစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု မည့် စီမံကိန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းကို လေ့လာဆန်းစစ်ကြည့်ပါက သစ်အလွန်အကျွံထုတ်ယူခြင်း၊ စိုက်ပျိုးမြေချဲ့ထွင် ခြင်း၊ အခြေခံအဆောက်အအုံများတိုးချဲ့ခြင်း၊ လောင်စာအတွက် ထင်း၊ မီးသွေးထုတ်ယူသုံးစွဲ ခြင်းတို့သည် အဓိကအကြောင်းအရင်းများအဖြစ်တွေ့ရှိရကြောင်း၊ ထင်း၊ လောင်စာလိုအပ်ချက် မြင့်မားမှုသည် သစ်တောသယံဇာတရေရှည်တည်တံ့စေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်း သက်သာစေရေးနှင့် လိုက်လျောညီထွေရှိစေရေးတို့အတွက် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပြီး အဓိကဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံလူဦးရေ၏ (၇၀%)ကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နေ့စဉ်ချက်ပြုတ်စားသောက်ရေးအတွက် ထင်းကိုအဓိကလောင်စာအဖြစ်သုံးစွဲနေရပါကြောင်း၊ နိုင်ငံ၏နှစ်စဉ်ထင်းလိုအပ်ချက်သည်ကုဗတန်(၁၆.၅၃)သန်းရှိပြီး ကျေးလက်ရှိအိမ်ထောင်စု တစ်စုသည် တစ်နှစ်လျှင် ထင်း (၂.၅) ကုဗတန်နှင့် မြို့ပြအိမ်ထောင်စုတစ်စုသည် တစ်နှစ်လျှင် ထင်း (၁.၄)ကုဗတန်ခန့် အသုံးပြုလျက်ရှိပါကြောင်း၊ သဘာဝသစ်တောများပျက်စီးပြုန်းတီးမှု မရှိစေဘဲ ထင်းလိုအပ်ချက်ပြည့်မီစေရန်စုစုပေါင်းလိုအပ်ချက်၏(၂၅%)ကို မိမိတို့၏ကိုယ်ပိုင် အိမ်ခြံဝန်း၊ ဥယျာဉ်ခြံမြေ၊ လယ်ယာပတ်လည်တို့တွင် သစ်ပင်စိုက်ပျိုးခြင်း၊(၂၅%)ကို အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများစိုက်ပျိုးခြင်း၊ (၄.၂%)ကိုဌာနဆိုင်ရာ သစ်တောစိုက်ခင်းများ စိုက်ပျိုးခြင်းနှင့် (၄၅.၈)% ကို သဘာဝသစ်တောများမှရရှိနိုင်ရန် အမျိုးသားသစ်တောဏ္ဍ ပင်မစီမံကိန်းရည်မှန်းချက်များချမှတ်၍စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများ ထင်းသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် စွမ်းအားဖြည့်မီးဖိုဖြန့်ဝေခြင်းလုပ်ငန်းကို မိမိတို့ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြင့်လည်းကောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများဖြင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများတွင် စွမ်းအားမြှင့် မီးဖိုဖြန့်ဝေခြင်းနှင့် အခြားလောင်စာသုံးစွဲခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၁၉၉၇-၉၈) ခုနှစ်မှ ယနေ့အထိစွမ်းအားမြှင့် မီးဖိုလုံးရေ (၅) သိန်းခန့် ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ စွမ်းအားမြှင့်အေဝမ်း မီးဖိုသုံးစွဲခြင်းအားဖြင့် ထင်းလောင်စာကုန်ကျမှု (၄၀%)သက်သာသည့်အတွက် ကျေးလက်နေပြည်သူများအနေဖြင့် စွမ်းအားမြှင့်မီးဖိုကို အသုံးပြုပါက တစ်အိမ်ထောင်လျှင် တစ်နှစ်စာအတွက် ထင်း(၁)တန် ချွေတာနိုင်မည်ဖြစ်ကြောင်း၊ ထင်းအစားအခြားလောင်စာများဖြစ်သည့် ဇီးသီးအခွံ၊ စပါးခွံလောင်စာတောင့်၊ ဝါရိုး၊ နှမ်းရိုး၊ ပဲစဉ်းငုံရိုး၊ ပြောင်းဖူးရိုး စသည့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း(၁၀)တန်ကိုအသုံးပြုပါကထင်း(၁)တန်လျော့နည်းသက်သာပါကြောင်း၊မြို့ပြအိမ်ထောင်စု တစ်စုသည် တစ်နေ့လျှင် လောင်စာတောင့် (၆)တုံးသုံးစွဲပါက ချက်ပြုတ်ရေးအတွက် လုံလောက်သဖြင့် တစ်နှစ်လျှင် လောင်စာတောင့် (၂၁၉၀)တောင့် သုံးစွဲရမည်ဖြစ်ကြောင်း၊မြို့ပြအိမ်ထောင်စု တစ်စုသည် တစ်နှစ်လျှင် ထင်း(၁.၄)တန် လိုအပ်သည့်အတွက် လောင်စာ တောင့်(၁၅၇၀)တောင့် အသုံးပြုခြင်းအားဖြင့် ထင်း(၁)တန်ချွေတာနိုင်သောကြောင့် သစ်ပင်များအားခုတ်ယူပြီး ထင်းအဖြစ်သုံးစွဲခြင်းမှ သက်သာစေသဖြင့် စိမ်းလန်းစိုပြည်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ စွမ်းအားမြှင့်မီးဖိုများကို ကျေးလက်ပြည်သူများသုံးစွဲခြင်းအားဖြင့် ထင်းသုံးစွဲမှုလျော့ကျစေပြီး သဘာဝတောများအပေါ် မှီခိုရသော ဖိအားများကိုလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် Mercy Corps နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကျွမ်းကျင်သူပညာရှင်များက မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုစျေးကွက် ဖော်ဆောင်ပေးခြင်းလုပ်ငန်းအစီအစဉ်များ နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးကြမှာဖြစ်သည့်အတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါဟု တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသွားပါသည်။
အစီအစဉ်အရ Mercy Corps မှ Country Director ဖြစ်သူ Nilan Fernando မှ စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းကို ရှင်းလင်းတင်ပြခဲ့ပါကြောင်းသတင်းရရှိသည်။