ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးပဲခူးတိုင်းဒေသကြီးအတွင်းရှိသစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းများကြည့်ရှုစစ်ဆေးခြင်း နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် သစ်တောသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝ၍ ယနေ့အချိန်အထိနိုင်ငံဧရိယာ၏ ၄၆.၉၆ ရာခိုင်နှုန်းသည် သစ်တောများဖုံးလွှမ်းလျှက် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာ့သစ်တောများသည်နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မဏ္ဍိုင်တစ်ခုဖြစ်သကဲ့သို့ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ပတ်ဝန်းကျင်တည်ငြိမ်ရေး၊ ရာသီ ဥတုမျှတရေးအတွက်လည်းအဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ထို့အပြင် သစ်တောများသည် လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ မွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများပေါ်တွင်လည်းများစွာအထောက် အပံ့ပြုလျှက်ရှိပါသည်။ ထို့ကြောင့် သစ်တောများထာဝစဉ်တည်တံ့မှသာလျှင် နိုင်ငံတော်၏ သဘာဝ ဝန်းကျင်နှင့် ဂေဟစနစ်တို့ ကောင်းမွန်တည်တံ့ပြီးလူမှုစီးပွားတိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံတော် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံပဲခူးရိုးမဒေသသည် ကမ္ဘာ့တန်ဖိုးအကြီးဆုံးသစ်မျိုးဖြစ်သော ကျွန်းရွှေဝါ (Golden Teak) အပါအဝင် စျေးကွက်ဝင် အဖိုးတန်သစ်များပေါက်ရောက်ရာမူရင်း ဒေသကြီးဖြစ်သည့် အပြင်နိုင်ငံ၏ အဓိကမြစ်ချောင်းကွန်ယက်ကြီး ၄ ခုအနက် ၂ ခုဖြစ်သောဧရာဝတီမြစ်နှင့် စစ်တောင်း မြစ်များ၏ ရေဝေရေလဲဒေသကြီးဖြစ်သကဲ့သို့ စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသောဆည်တမံပေါင်း ရှစ်ဆယ်ကျော်၏ရေဝေရေလဲဒေသကြီးလည်းဖြစ်သဖြင့်အသက်အသွေးကြောပမာအရေးပါလှပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ပဲခူးရိုးမဒေသရှိ သစ်တော များနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ဆည်နှင့် တာတမံ များ၏ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကျွန်းနှင့် သစ်မာ သစ်မျိုးစုံစိုက်ခင်းများတည်ထောင်၍ သစ်တောကဏ္ဍတွင် နှစ်ရှည်ရင်းနှီးမြုပ်နှံနိုင်ရန် အခြေအနေ ကောင်းများဖန်တီးပေးခြင်းစသည့်လုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါလုပ်ငန်းများအားအရှိန်အဟုန်ဖြင့် အောင်မြင်စွာအကောင်အထည်ဖေါ် ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည်များဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်မောင်သည် ပဲခူးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှတာဝန်ရှိဝန်ထမ်းများလိုက်ပါလျှက် ၁၄−၂−၂၀၁၄ မှ ၁၅−၂−၂၀၁၄ ရက်နေ့ အထိပဲခူးတိုင်းဒေသကြီးအတွင်းခရီးထွက်ခွာခဲ့သည်။ ခရီးစဉ်အတွင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ရှိ လက်ပံခုံသစ် တောသုတေသနစခန်း၌ ဆောင်ရွက် လျှက်ရှိသော ကျွန်းနှင့် အဖိုးတန်သစ်မျိုးသန့်ထုတ်လုပ်ခြင်းသုတေသနလုပ်ငန်းများနှင့် ကျွန်းခန္ဓာပိုင်းမျိုးပွားခြင်းသုတေသနလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးသုတေသနလုပ်ငန်းများနှင့် လက်တွေ့နယ်ပယ် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ဌာနစိုက်ခင်းများနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်း များအတွက် အထောက်အကူပြုနိုင်သည့် သုတေသနရလဒ်များ ထွက်ပေါ်ရေးကြိုးပမ်းဆောင် ရွက်ကြရန် ဆွေးနွေးမှာကြားပြီးလိုအပ်သည်များညှိနှိုင်းပံ့ပိုးပေးခဲ့သည်။ ထို့နောက် အုတ်တွင်း−ပေါက်ခေါင်းရိုးမဖြတ်လမ်းတလျောက်ရှိ ဌာနကျွန်းစိုက်ခင်းများတွင် ပင်ကျပ်နှုတ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ထွက်ရှိလာသည့် ပင်ကျပ်တိုင်များအား စနစ် တကျ စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ခရီးစဉ်အတွင်း အုတ်တွင်း−ပေါက်ခေါင်းရိုးမဖြတ်လမ်းတလျောက်ရှိ ပုဂ္ဂလိက ကျွန်းနှင့် သစ်မာသစ်မျိုစုံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုများ အားကြည့်ရှုစစ်ဆေးခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပါဝင်မှု အခန်းကဏ္ဍကိုမြှင့်တင်ပေးလျှက်ရှိကြောင်း၊၂၀၀၅−၂၀၀၆ ခုနှစ်မှ စတင်ပြီးပြောင်းလဲမှုများကို ကြိုတင်မျှော်တွေး၍ ပုဂ္ဂလိကကဏ္ဍကိုစိုက်ခင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလျက်ရှိကြောင်း၊ ပြည်သူနှင့် ပုဂ္ဂလိကအကျိုးတူပူးပေါင်းဆောင်ရွက်မှု (Public Private Partnership) အသွင်ဖြင့် အကောင်အထည်ဖေါ်လျှက်ရှိရာတာဝန်သိသောရင်းနှီးမြုပ်နှံမှု (Responsible Investment) ဖြစ်စေရန်နှင့် မိမိအသိစိတ်ဓာတ်ဖြင့် လူမှုရေးအရတာဝန်ယူမှု (Cooperate Social Responsibility-CSR) များရှိရန်လိုအပ်ကြောင်း၊ သစ်တောသယံဇာတများအား ထိန်းသိမ်းခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုကိုထိန်းညှိနှိုင်မည့်အပြင် အနာဂတ်သားစဉ်မြေးဆက်အတွက် သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အမွေကောင်းများကိုချန်ထားခဲ့နိုင်မည်ဖြစ်ကြောင်း၊ကမ္ဘာနှင့်တဝှမ်းကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာသည့် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သစ်တောပြုန်း တီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းREDD+ ၏ သဘောသဘာဝမှာ အပင်များတွင်သိုလှောင်ထားသော ကာဗွန်ပမာဏအတွက် ငွေကြေးတန်ဖိုး တွက်ချက်ဖေါ်ပြပြီး သစ်တောများကိုခုတ်လှဲခြင်းထက် ပင်ထောင်အတိုင်း ဆက်လက်ထားရှိပြီး ထိန်းသိမ်းကာကွယ်ခြင်းက ပိုမိုတန်ဖိုးကြီးမား၍သစ်ထုတ်ရောင်းချသကဲ့သို့ ဝင်ငွေရရှိစေမည့် လုပ်ငန်း စဉ်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကျွန်းနှင့်သစ်မာလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ပုဂ္ဂလိကကဏ္ဍမှလည်း အထောက်အကူပြုပါဝင်နိုင်စေရန် ရည်ရွယ်လျှက် ပုဂ္ဂလိကကျွန်းနှင့် သစ်မာ သစ်မျိုးစုံစိုက်ပျိုးခြင်းလုပ်ငန်းကို ၂၀၀၆ ခုနှစ်မှ စတင်ခွင့်ပြုခဲ့ရာ၂၀၁၃-၁၄ ခုနှစ်အထိ ပုဂ္ဂလိက ကျွန်းစိုက်ခင်း ၁၀၇,၃၅၂ ဧကနှင့် ပုဂ္ဂလိကသစ်မာစိုက်ခင်း ၅၁,၈၁၃ဧကကို စိုက်ပျိုးတည်ထောင်ပြီး အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်းသိရှိရသည်။