အင်းလေးကန်ရေဝေရေလဲဒေသထိန်းသိမ်းရေး၊ မြေအသုံးချမှုစနစ်ကျမှန်ကန်စေရေးနှင့် ပြည်သူဗဟိုပြုဒေသခံပြည်သူအစုအဖွဲ့သစ်တောလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်ကွင်းဆင်းစစ်ဆေး နေပြည်တော်၊ မတ် ၁၀

ရေသယံဇာတအရင်းအမြစ်သည် လူသားတို့အပါအဝင် သက်ရှိအပင်နှင့် သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် အထူးအရေးပါသည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်သည့်အလျောက် ရေအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သည်။“ရေအသက်တစ်မနက်၊ထမင်းအသက်ခုနှစ်ရက်”၊“သက်ရှိလောက ရေသာ ပဓါန”ဟူသော ဆောင်ပုဒ်များက ရေ၏အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိသည်။ လူသားများအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများနှင့်ဂေဟစနစ်များ ရေရှည်တည်တံ့ရေးတွင် ရေအရင်းအမြစ်သည် အဓိကကျလှသည်။ ရေအရင်းအမြစ်များဖြစ်သည့် သဘာဝရေထွက်များ၊ တောတောင် စိမ့်စမ်းမှစ၍ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေတိမ်ဒေသတို့၏ ရေဝေရေလဲဧရိယာများနှင့် ရေဦးရေဖျားဒေသများရှိ သစ်တောဖုံးလွှမ်းမှုကို ကာကွယ် ထိန်းသိမ်းရမည်ဖြစ်သည်။ ရေသည် သစ်တောများဖုံးလွှမ်းသည့် တောတောင်များမှသည် ပင်လယ် သမုဒ္ဒရာအထိစီးဆင်းသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ လူသားတို့ ဖန်တီးတည် ဆောက်ကြသည့် ဆည်၊ တမံတို့ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်မှုဖြစ်သည့်အလျောက် ရေဝေရေလဲဒေသနှင့် ရေဦးရေဖျားဒေသရှိ သစ်တောသံယံဇာတ အရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်သော နေရာများ၌ မြေတိုက်စားမှု အနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်တီးသည့်နေရာများတွင် မြေတိုက်စားမှုပြဿနာ ဆိုးဝါးစွာကြုံတွေ့ကြရသည်။ လူဦးရေတိုးတက်လာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ရေဝေရေလဲဒေသများတွင် သစ်တောများ ပြုန်းတီးခြင်း၊ ရွှေ၊သတ္တုတူးဖေါ်ခြင်း၊ တောင်စောင်းများ၌ ထွန်ယက်စိုက်ပျိုးခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းစသည့် မြေအသုံးချမှုစနစ်လွဲမှားမှုတို့ကြောင့် အကျိုးဆက်အားဖြင့် ရေထုညစ်ညမ်း၍ သန့်ရှင်းသော သောက်သုံးရေရှားပါးလာခြင်း၊ ရေထွက်များ ခမ်းခြောက်ခြင်း၊ ဆည် နှင့်ရေလှောင်တမံများ၌ သဲနှုန်းပို့ချခြင်း၊ တိမ်ကောလာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်း စသည်တို့ ကြုံတွေ့ခံစားကြရသည်။ အင်းလေးဒေသ၏ ရေဝေရေလဲဧရိယာ၌ သစ်တောပြုန်းတီးခြင်း ကြောင့်တောင်ကမ်းပါးယံများရေတိုက်စားပြီး သဲနှုန်းများဝင်ရောက်မှုများခြင်း၊ စိုက်ပျိုးမြေတိုးချဲ့ခြင်း၊ ရေညှိ၊ ရေမှော်နှင့်ဗေဒါများ အနည်ထိုင်ခြင်းစသည့်အကြောင်းအမျိုးမျိုးကြောင့် ကန်ရေအောက် ကြမ်းပြင် မြင့်တက်၍ တစ်ဖြည်းဖြည်း တိမ်ကောလာရသည်။ ပျက်စီးတိမ်ကောလာသည့် အင်းလေးကန်နှင့် ပတ်ဝန်းကျင်ရေဝေရေလဲဒေသအား အချိန်မီကုစားထိန်းသိမ်းရန် အရေးတကြီး လိုအပ်လျက်ရှိသည်။ သစ်တော၊ မြေ၊ ရေသယံဇာတအရင်းအမြစ်များ ရေရှည်တည့်တံ့စေရေး၊ မြေအသုံးချမှု စနစ်ကျ မှန်ကန်မှုရှိစေရေး တာဝန်ရှိဝန်ထမ်းများအား ဆွေးနွေးမှာကြားရန်၊ အင်းလေးကန်၏ပတ်ဝန်းကျင် ရေဝေရေလဲဒေသများရှိ သစ်တောသယံဇာတအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရန်၊ ကျေးရွာများရှိ ရေထွက်ဦးများ၏ ရေထိန်းတောများအား ဝိုင်းဝန်းစောင့်ရှောက်ရန်အတွက် ကျေးလက်နေဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ အခြေခံလိုအပ်ချက်များဖြည်းဆည်းပေးရန်နှင့် ပြည်သူဗဟိုပြု သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့တို့အား လိုအပ်သည်များ ညှိနှိုင်းပံ့ပိုးရန်အတွက် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍဆပ်ကော်မတီ၊ ဒုတိယဥက္ကဌ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် မတ်လ(၇) ရက်နေ့မှ (၉)ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များသို့ ကွင်းဆင်းသွားရောက် ခဲ့သည်။ ဒုတိယဝန်ကြီးသည် မတ်လ (၇)ရက်နေ့တွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိ ဝန်ထမ်းများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ရွှေ၊ သတ္တု တူးဖေါ်ရန် ခွင့်ပြုချက်တောင်းခံပြီး/ဆဲနေရာများအား ကွင်းဆင်းစစ်ဆေး၍ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရေး ဆောင်ရွက်ရမည်ဖြစ်သော်လည်း ရေ၊ မြေနှင့် သစ်တောသယံဇာတများအား ရေရှည်တည်တံ့အောင် အလေးထားစီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြေအသုံးချမှုများအား သတ်မှတ်ထားသည့် အလုပ် တိုက်နယ် (Working Circle)၊ ဇုံနယ်မြေခွဲခြားမှု (Zoning)များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်များနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် သတ်မှတ်ကာလအတွင်း ကောက်ခံပေးသွင်းကြရန်ဖြစ်ကြောင်း၊ ဌာနကသတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်ရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ မတ်လ (၈) ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် နှင့် ရွာငံမြို့နယ်အတွင်း သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက် ၍ ရွာငံမြို့နယ်၊ ယကြီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ၁၉၉၄ ခုနှစ်တွင် သစ်တော ဦးစီးဌာန၊ ရေဝေရေလဲဌာနခွဲမှ မွမ်းမံပြင်ဆင်ပေးခဲ့သည့် ဟင်းနံသာကန်ဘောင်တမံမြှင့်တင်လို သည့်နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ယကြီးကျေးရွာ ရေထွက်အား သွားရောက်ကြည့်ရှု၍ ရေထွက်ဦး၏ ရေဝေရေလဲဧရိယာရှိ သစ်တောများအား ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းရန်နှင့် ရေဦးရေဖျားဧရိယာများတွင် သစ်ပင်မခုတ်ရန်၊ တောင်ယာချဲ့ထွင်ခြင်းမပြုလုပ်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ညောင်ပင်ဂွ ကျေးရွာ ဒေသခံပြည်သူတို့ ထိန်သိမ်းထားရှိသည့် အစုအဖွဲ့ပိုင်သစ်တောအား ကြည့်ရှုစစ်ဆေး၍ ဒေသခံ ပြည်သူများတင်ပြသည့် ညောင်ပင်ဂွကျေးရွာ ရေထွက်ဦးဆည်ဘောင်ပြုပြင်ရန် ညှိနှိုင်းစီမံ ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မတ်(၉)ရက်နေ့တွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ တိုင်းအဆင့် တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့်တွေ့ဆုံ၍ ၂၀၁၃-၂၀၁၄ ခုနှစ် လုပ်ငန်း ဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ်၊ ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။