ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်းဆိုင်ရာ ပဉ္စမအကြိမ်မြောက် နိုင်ငံအဆင့် အစီရင်ခံစာ ရေးသားပြုစုခြင်း

၁။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်းဗင်းရှင်း (Convention on Biological Diversity- CBD) သို့ လက်မှတ်ရေးထိုးဝင်ရောက်ခဲ့သည့်နိုင်ငံဖြစ်သည်နှင့် အညီ နိုင်ငံ၏ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကွန်ဗင်းရှင်းသဘောတူညီချက်များ၊ နိုင်ငံအဆင့် မူဝါဒ၊ မဟာဗျူဟာတို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ ၂။ ကွန်ဗင်းရှင်းပြဋ္ဌာန်းချက်အရ အဖွဲ့ဝင်နိုင်ငံတိုင်းသည် နိုင်ငံ၏ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား သတ်မှတ်ထားသည့်ကာလအလိုက် အစီရင်ခံစာ ရေးသားပြုစုရမည်ဖြစ်ပါသည်။ ၃။ မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ် နိုင်ငံအဆင့်အစီရင်ခံစာကို ၁၉၉၄ ခုနှစ်တွင် လည်းကောင်း၊ တတိယအကြိမ် အစီရင်ခံစာကို ၂၀၀၅ ခုနှစ်တွင်လည်းကောင်း၊ စတုတ္ထအကြိမ် အစီရင်ခံစာကို ၂၀၀၉ ခုနှစ်တွင်လည်းကောင်း ပြုစုတင်သွင်းခဲ့ပြီးဖြစ်ပြီး ဒုတိယအကြိမ်မြောက် အစီရင်ခံစာအား ပြုစုပေးပို့နိုင်ခြင်း မရှိခဲ့ပါ။ ၄။ ဤပဉ္စမအကြိမ်မြောက်နိုင်ငံအဆင့်အစီရင်ခံစာသည် ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ လ (၁၈-၂၉) ရက်များအတွင်း ဂျပန်နိုင်ငံ၊ နာဂိုယာမြို့၌ ကျင်းပခဲ့သည့် CBD ၏ (၁၀) ကြိမ် မြောက် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်သော “၂၀၁၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ပြုစုတင်သွင်းရန်” အရ ရေးသားပြုစုခြင်း ဖြစ်ပါသည်။ ၅။ ပဉ္စမအကြိမ်မြောက် နိုင်ငံအဆင့်အစီရင်ခံစာတွင် စတုတ္ထအကြိမ် နိုင်ငံအဆင့်အစီရင် ခံစာ ရေးသားပြုစုခဲ့သည့် နောက်ပိုင်းကာလ၏ ဇီဝမျိုးစုံမျိုးကွဲများ အခြေအနေ၊ ပြောင်းလဲမှုနှင့် ဆောင်ရွက်သည့် လုပ်ငန်းများကို ပြုစုရေးသားထားပြီး နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (National Biodiversity Strategy and Action Plan-NBSAP) လုပ်ငန်းစဉ်များအား ၂၀၂၀ အာအိချိ ဇီဝမျိုးစုံမျိုးကွဲ ရည်မှန်းချက်များနှင့် ချိတ်ဆက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ထောင်စုနှစ် မျှော်မှန်း ချက်များတွင် ပါဝင်သည့် ပန်းတိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေများကို ဖော်ပြထား၍ ဆက်စပ်ဌာနအဖွဲ့အစည်းများမှ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ အောင်မြင်မှုနှင့် ကွင်းဆင်းစာရင်းကောက်ယူမှုတို့ကို Case Study များအဖြစ် ထည့်သွင်းဖော်ပြထားပါသည်။ ၆။ အစီရင်အား မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုထားပါသည်။ ဤပဉ္စမ အကြိမ်မြောက်နိုင်ငံအဆင့်အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ် ခြင်းအပေါ် ပြီးပြည့်စုံသော သုံးသပ်ချက်တစ်ခုဖြစ်ပါသည်။ NBSAP အား အကောင် အထည်ဖော်ခြင်းနှင့် NBSAP အား အာအိချိဇီဝမျိုးစုံမျိုးကွဲ ရည်မှန်းချက်များနှင့် ချိတ်ဆက် ခြင်းတို့တွင် လိုအပ်ချက်များအား သုံးသပ်ဖော်ပြထားသဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း ဆိုင်ရာ ပိုမိုကောင်းမွန်သောအစီအစဉ်များ ချမှတ်ရန် အထောက်အကူပြုမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။