မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ပညာပေးဟောပြောပွဲဆောင်ရွက်လျက်ရှိ

ဇီဝမျိုးစုံမျိုးကွဲများစုံလင်စွာ တည်ရှိနေခြင်းသည် ပတ်ဝန်းကျင်ဂေဟစနစ်အား ပြီးပြည့်စုံ ကောင်းမွန်စေ၍ လူသားတို့အတွက် အစားအစာ၊ အဝတ်အထည်နှင့် နေထိုင်ရေးဝန်ဆောင်မှုများ ကိုပါ ပတ်ဝန်းကျင်မှ ရေရှည်ထောက်ပံ့ပေးစေနိုင်ပါသည်။ မြန်မာနိုင်ငံသည် သဘာ၀ဂေဟစနစ် ကွဲပြားမှု များပြားသည့်အလျောက် ဇီဝမျိုးစုံမျိုးကွဲများလည်း ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုရှိ လာစေရန်နှင့် သိမြင်နိုးကြားမှုရရှိစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက် ရှိပါသည်။ သစ်တောဦးစီးဌာန၊ သဘာ၀ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မိုးယွန်း ကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများသည် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာများ သိမြင်နိုးကြားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အင်တိုင်းကျေးရွာအုပ်စု ပြွန်စုကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ၂၀၁၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ပညာပေးဟောပြောပွဲများ ပြုလုပ်ကျင်းပခဲ့ရာ ဒေသခံပြည်သူ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲတွင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများ က ဝန်းကျင်/သားငှက်ဌာန ဖွင့်လှစ်ရသည့်အကြောင်းအရင်းများ ရှင်းလင်းပြောကြားခြင်း၊ တရားမဝင် ငါးဖမ်းနည်းများအသုံးမပြုရန်နှင့် ဆောင်းခိုငှက်များအား ဖမ်းဆီးခြင်းမပြုရန် ရှင်းလင်းပြောကြားခြင်းနှင့် တောရိုင်းတိရစ္ဆာန်နှင့် အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေ ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများအကြောင်း ရှင်းလင်းပြောကြားခြင်းများပြုလုပ်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။