REDD+ နှင့် ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး တိုးချဲ့ပညာပေးခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်းသတင်း (၁၃-၆-၂၀၁၄၊ နေပြည်တော်၊ ရေဆင်း)

REDD+ နှင့် ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး တိုးချဲ့ပညာပေးခြင်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ(၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်ပို့ချခဲ့ရာ အဆိုပါ သင်တန်းဆင်းပွဲသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ သင်တန်း ဆင်းပွဲအခမ်းအနားသို့ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ ညွှန်ကြား ရေးမှူးနှင့် အရာထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယနေ့ကာလဖွံ့ဖြိုး ရေးဆိုင်ရာ လုပ်ငန်းများကျယ်ပြန့်လာမှု၊ လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်တောပြုန်းတီးခြင်း၊ မြေဆီလွှာအဆင့်အတန်းလျော့ကျခြင်း၊ ရေတိမ်ဒေသဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့သည် ပတ်ဝန်းကျင်ဆိုင်ရာ အဓိကပြဿနာများဖြစ်လာပါကြောင်း၊ သစ်တောသယံဇာတများ စီမံအုပ်ချုပ်ရာတွင် သစ်တောသစ်ပင်များအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဖွံ့ဖြိုးရေးကိုပါ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစနစ်မှသည် သစ်တောဂေဟစနစ်သို့ ပြောင်းလဲစီမံအုပ်ချုပ်သွားကြ ရမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာနှင့်အဝှမ်းနည်းလမ်းပေါင်းစုံဖြင့် ဖြေ ရှင်းရာတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြကြောင်း၊ REDD+ လုပ်ငန်းလည်း တစ်ရပ်အပါအဝင်ဖြစ် ကြောင်း၊ REDD+ လုပ်ငန်းသဘောအရ အပင်များသိုလှောင်ထားသည့် ကာဗွန်ပမာဏအပေါ် ငွေကြေး တန်ဖိုးတွက်ချက်ရောင်းဝယ်ခြင်းဖြစ်၍ သစ်ပင်သစ်တောထိန်းသိမ်းနိုင်လေ၊စိုက်ပျိုးနိုင်လေ ဝင်ငွေ ပမာဏပိုရလာစေမှာဖြစ်၍ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မြန်မာ့သစ်တောမူဝါဒဥပဒေ၊ နည်းဥပဒေများ၊ ပြဌာန်း ထားပြီးဖြစ်၍ ဥပဒေရေးရာအခြေခံကောင်းများရှိပြီး တရားမဝင် ထုတ်လုပ်မှုများ တားဆီးစေနိုင် ၍ သစ်တောဖြုန်းတီးခြင်းကို လျော့စေသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ စနစ်တကျထုတ်လုပ် သည့် စနစ်များကြောင့် သစ်တောအတန်းအစားကျဆင်းခြင်းကိုလည်း တားဆီးနိုင်ခြင်းများ စသည်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းဖြင့် ကာဗွန်နှင့်ပတ်သက်သည့် အကျိုးအမြတ်များကို ဒေသခံပြည်သူများအားလုံး ရရှိနိုင်မှာဖြစ်ကြောင်း၊ သင်တန်းကာလ(၅)ရက်ကြာဖြစ်၍ တိုတောင်း သော်လည်း သိသင့်သည့် အဓိကအချက်များကို ထည့်သွင်းပို့ချခဲ့သည့်အပြင် မှတ်စုများလည်း ဖြန့်ဝေပေးထားပြီးဖြစ်၍ ဒေသခံပြည်သူများထံ စနစ်တကျပြန်လည်ဖြန့်ဖြူးကြရန် တိုက်တွန်းလို ကြောင်း ပြောကြားခဲ့ပါသည်။
(၉-၆-၂၀၁၄) မှ (၁၃-၆-၂၀၁၄) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့မှ အမှုထမ်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။