ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန REDD+ဆိုင်ရာ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စာင့်ရှောက်မှု အစီအမံများ နှင့်ပြည်သူများ၏ ဆန္ဒသဘောထားရယူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း (နေပြည်တော်၊ ၁၈-၈-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန REDD+ဆိုင်ရာ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စာင့်ရှောက်မှု အစီအမံများ နှင့်ပြည်သူများ၏ ဆန္ဒသဘောထားရယူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း

(နေပြည်တော်၊ ၁၈-၈-၂၀၁၄)

          ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ တောအုပ် အဆင့် သစ်တောဝန်ထမ်းများ    ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဝန်ထမ်းစိတ်ဓာတ်မြင့်မားစွာ ထားရှိတတ်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ “REDD+ဆိုင်ရာ လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စာင့်ရှောက်မှု အစီအမံများ နှင့်ပြည်သူများ၏ ဆန္ဒသဘောထား ရယူခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားအား ယနေ့ နေ့လယ်(၁၄:၃၀) နာရီအချိန် တွင် နေပြည်တော် ရေဆင်းရှိ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

            ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ သစ်တော ဦးစီးဌာနမှ ဌာနဆိုင်ရာအရာရှိကြီးများ၊ သင်တန်းဆရာများ၊ သင်တန်းသားနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ    တက်ရောက်ကြပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် REDD+လုပ်ငန်းစဉ်သည် ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချနိုင်မည့် နည်းလမ်းကောင်း တစ်ခုဖြစ်သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများပါ စိတ်ပါဝင်စားလာသော လုပ်ငန်းစဉ် တစ်ခုဖြစ် ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် UN-REDD Programme ၏ အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာခဲ့ကြောင်း၊ REDD+စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကောင်းမွန် သော အကျိုးရလာဒ်များရရှိနိုင်သော်လည်း စနစ်တကျ ကြိုတင်ပြင်ဆင်မှုမရှိပါက ဒေသခံပြည်သူ များ၏လူမှုစီးပွားရေးနှင့်ပတ်ဝန်းကျင်အပေါ်ဆိုးကျိုး သက်ရောက်မှုများ ဖြစ်စေနိုင်သောကြောင့် ပြည်သူများ၏ လွတ်လပ်သည့် ဆန္ဒသဘောထား ကြိုတင်ရယူခြင်း ( Free , Prior and Informed  Consent-FPIC ) လုပ်ငန်းစဉ်သည် အရေးကြီးလာကြောင်း၊ ထို့ကြောင့်      FPIC  လုပ်ငန်းစဉ်သည် REDD+စီမံကိန်းနှင့် အခြားသော ဖွံ့ဖြိုးရေးစီမံကိန်းများတွင်လည်း ဆောင်ရွက်သင့်သည့် လုပ်ငန်း စဉ်တစ်ခုဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန်လည်း ၁၉၉၃ ခုနှစ်၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း (UN-CBD)နှင့် ၂၀၀၇ ခုနှစ်၊ ကုလသမဂ္ဂဒေသခံ ဌာနေတိုင်းရင်းသားပြည်သူများ အခွင့်အရေး ကြေငြာစာတမ်း(UN-DRIP)များတွင်လည်းထည့်သွင်းဖော်ပြခဲ့ကြောင်း၊ ယခုဖွင့်လှစ်မည့်သင်တန်း တွင်လည်း FPIC လုပ်ငန်းစဉ်ကို အဓိကဘာသာရပ်အဖြစ် ထည့်သွင်းပို့ချရန် စီစဉ်ထားကြောင်းနှင့်

Ø  REDD+ဆိုင်ရာလူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု အစီအမံ များကို သိရှိနားလည်စေရန်၊

Ø  FPIC လုပ်ငန်းစဉ်များအား သိရှိနားလည်စေရန်နှင့် လက်တွေ့အသုံးချတတ်စေရန် နှင့်

Ø  REDD+နှင့် ပြည်သူဗဟိုပြု သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အထောက်အကူ ဖြစ်စေရန်

ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး ယခုသင်တန်းမှ သစ်တောဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာပြီး ပြည်သူဗဟိုပြု စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်ခြင်းလုပ်ငန်းများကို အထောက် အကူဖြစ်စေနိုင်မည် ဖြစ်ပါသည်။

ယခုဖွင့်လှစ်ပို့ချသော သင်တန်းကို အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်နှင့်ပတ်သက် သော အဖွဲ့အစည်းInternational Tropicial Timber Organization (ITTO)မှ ရန်ပုံငွေ ထောက်ပံ့၍ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ တောအုပ်အဆင့် သစ်တောဝန်ထမ်း(၂၉)ဦး တက်ရောက်ခဲ့ကာ သြဂုတ် လ(၁၈) ရက်နေ့မှ(၂၂)ရက်နေ့အထိ(၅)ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီးသစ်တောဦးစီးဌာနနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများ( NGOs) များမှ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။