ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် (၁၁)ကြိမ်မြောက် တရုတ်-အာဆီယံပြပွဲနှင့် အာဆီယံ-တရုတ်ပတ်ဝန်းကျင် ပူးပေါင်းထိန်းသိမ်းရေးဖိုရမ် ၂၀၁၄ သို့ တက်ရောက် နေပြည်တော်၊ စက်တင်ဘာ ၂၁

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် တရုတ်အာဆီယံကုန်စည်ပြပွဲနှင့် အာဆီယံ- တရုတ် ပတ်ဝန်း ကျင် ပူးပေါင်းထိန်းသိမ်းရေး ဖိုရမ်၂၀၁၄ သို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးသည် အာဆီယံတရုတ်ပတ်ဝန်းကျင်ပူးပေါင်းထိန်းသိမ်းရေးဖိုရမ် ၂၀၁၄ ၌ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေးအသွင် ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ရေရှည်တည်တံ့စေသည့် မြိုပြဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပတ်ဝန်းကျင်သဟဇာတဖြစ်စေသည့် နည်းပညာများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုလျောနည်းစေရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် စုဖွဲ့ ဆွေးနွေးကြကြောင်းသိရသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရည်မှန်း ချက်သည် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ သဘာဝသယံဇာတများကို ရေရှည်တည်တံ့ စေသော နည်းလမ်းများဖြင့် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုကြရမည်ဖြစ်ကြောင်း၊ ရာသီ ဥတုပြောင်းလဲမှု အကျိုးဆက်အမျိုးမျိုးကို လျော့ပါးသက်သာစေရန် ရေရှည်တည်တံ့သည့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၁၉၉၂ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် တို့တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင်ကျင်းပခဲ့သည့် ကမ္ဘာမြေထိပ်သီးညီလာခံများက စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ချမှတ်ထားပြီးဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ များဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ သဲကန္တာရဖြစ်ထွန်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာမှု၊ လေထု၊ ရေထု၊ မြေဆီလွှာညစ်ညမ်းမှု၊ သောက်သုံးရေရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှုစသည့် ကိစ္စရပ်များ သည် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း၍ရသည့်ပြဿနာများ မဟုတ်ပဲ နိုင်ငံအားလုံး ညီညွတ်စွာပူးပေါင်းလက်တွဲ ဖြေရှင်းကြရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ကာ ပြန်လည်ပေးဆပ်ကြရသည့် အသက်၊ အိုးအိမ်၊ စည်းစိမ်ပမာဏသည် မခန့်မှန်းနိုင်လောက် အောင်ပင် တန်ဖိုးကြီးလှကြောင်း၊ အတုယူစရာဖြစ်ရပ်များလည်း များစွာရှိကြောင်း၊ ထို့ကြောင့် စီးပွားရေး သက်သက် ဖွံ့ဖြိုးတိုးတက်ရုံသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း သဟဇာတမျှတစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော မဟာဗျူဟာများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကဏ္ဍအသီးသီးတွင် အစိမ်းရောင် စီးပွားရေးလုပ်ငန်းစဉ်များ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် လျှက်ရှိကြောင်း၊ သစ်တောများသည် သစ်နှင့် သစ်တောထွက်ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေးရုံ သာမကရာသီဥတုပြောင်းလဲမှုလျော့ပါးသက်သာစေပြီးဂေဟစနစ်ဝန်ဆောင်မှုအမျိုးမျိုးကို အထောက် အပံ့ ပြုပေးနေသောကြောင့် သစ်တောများ၏ အခန်းကဏ္ဍကို အထူးအလေးပေးရန် လိုအပ် ကြောင်း၊ ယခုဖိုရမ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ နန်နင်းမြို့ရှိ ဂျီယမ်နမ် စွန့်ပစ်ရေသန့်စင်စက်ရုံနှင့် နန်နင်း အမျိုးသားပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။