ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ -ACIAR (အာစီယာ) မှ ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံခြင်းသတင်း (၇-၁၀-၂၀၁၄၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ -ACIAR (အာစီယာ) မှ Team Leader and Catchment Management Specialist ဖြစ်သူ Dr. CHRISTIAN HEINRICH ROTH ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် (၇-၁၀-၂၀၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ စီမံကိန်း နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် အင်းလေးကန်ဒေသအတွင်း လူဦးရေတိုးတက်လာမှုနှင့် မြေအသုံးချမှု၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုတို့ကြောင့် ရေဝေရေလဲဒေသများ ပျက်စီးပြုန်းတီးလာမှု အခြေအနေ၊ ၂၀၁၀ ခုနှစ် တွင် ထူးကဲစွာ ကန်ရေပြင်ခန်းခြောက်မှု ကြုံတွေ့လာရသဖြင့် နိုင်ငံတော်အစိုးရမှ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်-UNDP ၊ နိုင်ငံတကာဖွံ့ဖြိုးရေးသိပ္ပံ- IID၊ ကုလသမဂ္ဂမြို့ရွာနှင့်အိုးအိမ် ပြန်လည်ထူထောင်ရေး − UN-HABITAT၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန−ICIMOD နှင့်အခြားသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ထားမှု အခြေအနေတို့အား ရှင်းလင်းပြောကြားပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် သြစတြေးလျနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနစင်တာ- ACIAR (အာစီယာ) တို့ပူးပေါင်း ၍ အင်းလေးကန် ရေရှည်တည်တံ့စေရေးအတွက် ဒေသခံပြည်သူများပူးပေါင်း ပါဝင်သည့် စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ သစ်တောနှင့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အတွက် ဘက်စုံရေဝေရေလဲဒေသစီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း တစ်ရပ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများနှင့် နည်းပညာနှင့်လူမူစီးပွားရေးဆိုင်ရာ ဖွံဖြိုးရေးသုတေသနလုပ်ငန်းများ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။