အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများထိန်းသိမ်းရေး (၅)နှစ်စီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်းနှင့် လွယ်ငြိမ့်ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများဆောင်ရွက်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်း (၇-၁၀-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် (၆-၁၀-၂၀၁၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အင်းလေးကန်ရေရှည်တည်တံ့ရေး နှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေး(၅)နှစ်စီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ရေချိုသယံဇာတများသည် သက်ရှိများ ရှင်သန်ရပ်တည်မှုနှင့် စိုက်ပျိုးရေး၊ စက်မှုနှင့် မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သယံဇာတတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့နှင့်အဝှမ်းရေရှားပါးမှု၊ ရေချိုအရင်း အမြစ်များ ပျက်စီးမှုနှင့် ညစ်ညမ်းမှုများတိုးပွားလာလျက်ရှိကြောင်း၊ အဆိုပါ ပြဿနာများကြောင့် ရေထုအခြေပြုဂေဟစနစ် (Aquatic Ecosystems) နှင့် ရေနေသက်ရှိသယံဇာတများကို ထိခိုက် ပျက်စီးစေကြောင်း၊ ထို့ကြောင့် ရေသယံဇာတများကို စနစ်တကျကာကွယ်ထိန်းသိမ်းရန် နည်းပညာ သစ်များ ကြံဆခြင်း၊ မိရိုးဖလာ ရေအသုံးပြုမှုစနစ်များကို ဖွံ့ဖြိုးစေရန် ဆောင်ရွက်ပေးခြင်းတို့ လိုအပ်လာကြောင်း၊ မြန်မာနိုင်ငံတွင် ရေချိုသယံဇာတများဖြစ်သည့် မြစ်ကြီး(၄)သွယ် နှင့် အင်းတော်ကြီး၊ အင်းလေးနှင့် မိုးယွန်းကြီး အစရှိသော သဘာဝရေချိုကန်ကြီးများလည်း ရှိနေ ကြောင်း၊ ထိုကန်များအနက် အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၂၈၀၀) ကျော်တွင် တည်ရှိသည့်အတွက် ထူးခြားသည့် ကုန်းမြင့်ဒေသရေချိုကန်ကြီး တစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ်၊ နွေရာသီတွင် အင်းလေးကန်အတွင်း ရေခမ်းခြောက်မှုဖြစ်ပွားခဲ့ပြီး ဒေသတွင်း လူမှုစီးပွားရေးလုပ်ငန်းများ ထိခိုက်ခြင်းနှင့် ပြည်သူလူထု စားဝတ်နေရေးအပေါ် ဆိုးကျိုးသက်ရောက်မှု ကြုံတွေ့လာရသောကြောင့် နိုင်ငံတော်အစိုးရမှ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများထိန်းသိမ်းရေး အမျိုးသားအဆင့် ကော်မတီ (၁) ရပ် ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီမှ "၂၀၁၀-၂၀၁၁ ခုနှစ်မှ ၂၀၁၄-၂၀၁၅ ခုနှစ်အထိ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေး (၅)နှစ်စီမံချက်" ကို ရေးဆွဲခဲ့ပါကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် အင်းလေး ကန်ထိန်းသိမ်းရေးကို အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေမည့် လုပ်ငန်းစဉ်များ ပါဝင်စေရန် အတွက် ကုလသမဂ္ဂ(UN)အဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် သုတေသနလုပ်ငန်းများမှ ပညာရှင်များ၊ NGO များပါဝင်သည့် ကိုယ်စားလှယ်များမှ ပူးပေါင်းပါဝင် ရေးဆွဲခဲ့ပါကြောင်း၊ စီမံချက်တွင် လုပ်ငန်းစဉ်ကြီး(၅) ရပ် ချမှတ်ပြီး လုပ်ငန်းအမယ် ပေါင်း (၃၅)မျိုးကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်များ ပြည့်မီရေးအတွက် နော်ဝေနိုင်ငံအစိုးရနှင့် UNDP တို့၏ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများဖြင့် "အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်း" ကို ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံတကာဖွံ့ဖြိုးရေးသိပ္ပံ (Institute for International Development- IID)၊ UN-Habitat နှင့် အခြားသော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ (၅)နှစ်စီမံကိန်း၏ နောက်ဆုံးနှစ်ကို ရောက်ရှိနေသောကြောင့် ၂၀၁၅-၂၀၁၆ မှ ၂၀၁၉-၂၀၂၀ အထိ ဒုတိယ(၅)နှစ် စီမံကိန်းကို ရေးဆွဲပြုစုခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် အကြံပြုဆွေးနွေးပြီး ယခုနှစ် အောက်တိုဘာလ အကုန်တွင် အပြီးသတ်ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုအတွင်း ဆင်းရဲနွမ်းပါးမှုနှင့် ပျက်စီးယိုယွင်းနေသည့် သဘာဝပတ်ဝန်းကျင် ရှိနေသမျှ ကာလပတ်လုံး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို ရရှိနိုင်မှာမဟုတ်ကြောင်း၊ အင်းလေးကန် ရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် အခြေအနေများ တည်ငြိမ်ရေးတို့ကိုပါ အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr Thierry Mathou နှင့် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ဒေသရှိ Novotel Inlay Lake ဟိုတယ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ် ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်အတွင်း ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော နုန်းစုပ်ယူခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်ဘေးမဲ့တော ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများကို စက်လှေများဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ ရေသယံဇာတ ညစ်ညမ်းမှုကြောင့် ဒေသငါးမျိုးများ ပြုန်းတီးပျောက်ကွယ်မှု မရှိစေရေး၊ ဒေသခံနှင့် ဆောင်းခိုငှက် များ နားခိုရှင်သန်ပေါက်ပွားရာ နေရင်းဒေသ (Habitat) များ ပျက်စီးမှု မရှိစေရေးအတွက် ငါးမဖမ်းရဇုန်နှင့် စက်လှေ ရေလမ်းကြောင်းများ ကန့်သတ်ထားရှိရေး၊ ခရီးသွားဧည့်သည်များ ငှက်လေ့လာကြည့်ရှုနိုင်ရန် ငှက်ကြည့်စင်နှင့် ပညာပေးပြခန်းများ ပြန်လည်မွမ်းမံပြုပြင်ရေး၊ ဘေးမဲ့တောထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် မွန်းလွဲ(၃:၄၅) နာရီတွင် လွယ်ငြိမ့်ကျေးရွာသို့ရောက်ရှိပြီး လွယ်ငြိမ့်ကျေးရွာ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် အင်းလေးကန် ရေရှည်တည်တံ့စေရေး အတွက် မိမိတို့ ဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးကန်ကြီးသည် မြန်မာနိုင်ငံ၏ အထင်ကရ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်တစ်ခုဖြစ်ပြီး လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အလွန်အရေးပါသည့် ရေကန်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကန်၏ ရေပြင်ဧရိယာ လျော့နည်းလာခြင်း၊ ရေစီးဝင်မှုပဏာမ နည်းပါးလာခြင်း၊ ရေဝေရေလဲဒေသအတွင်း သစ်တောပြုန်းတီးခြင်းနှင့် အခြားမြေအသုံးချမှုများကြောင့် မြေဆီလွှာတိုက်စားခြင်း၊ ကမ်းပါးပြိုခြင်း၊ ကန်အတွင်း နုန်းပို့ချမှု များပြားလာခြင်း၊ ကျွန်းမျှောစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာခြင်း၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲမှုကြောင့် ရေ၏ အရည်အသွေး ကျဆင်းလာခြင်း စသည့် ပြဿနာများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းများ တိုးချဲ့လာပြီး၊ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုး ရေညစ်များ ကန်အတွင်းသို့ စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန် မြင့်မားခြင်း၊ မိုးရွာသွန်းမှု နည်းပါးခြင်းသည်လည်း အင်းလေးကန် ရေရှည်တည်တံ့ရေးကို ထိခိုက်စေလျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု မရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊ အင်းလေးကန်၏ ရေစီးဝင်မှုနှင့် ရေပြင်ပမာဏ တည်တံ့စေရေး၊ နုန်းပို့ချမှု လျော့နည်းသက်သာစေရေးအတွက် အင်းလေးကန်၏ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ ကွန်တိုဘောင်နှင့် ကန်သင်းကန့် စိုက်ပျိုး သည့်စနစ်များ အသုံးပြုရေး၊ ရေဦးရေထွက်နှင့် ချောင်းလက်တက်များ၏ ရေထိန်းသစ်တောများ ပျက်စီးပြုန်းတီးမှု မရှိစေရေး ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ပါကြောင်း၊ အစိုးရ၊ ဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်၍ မရနိုင်ဘဲ ဒေသခံပြည်သူများ၊ အကျိုးပတ်သက်ဆက်စပ်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ လွယ်ငြိမ့်ကျေးရွာ မိဘပြည်သူများ အနေဖြင့် ရေဝေရေလဲဒေသရှိ ဧရိယာဧက (၆၀၀)ကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် ထိန်းသိမ်းပြုစုစောင့်ရှောက်ထားသည့်အတွက် အင်းလေးကန်၏ ရေဝေရေလဲသစ်တော ထိန်းသိမ်း ရေးကို များစွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ လွယ်ငြိမ့်ကျေးရွာ ဒေသခံ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းကို နမူနာယူ၍ အခြားကျေးရွာများသို့လည်း ဆက်လက် တည်ထောင်ဆောင်ရွက်ရန် ဆင့်ပွားလက်ဆင့်ကမ်းပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လွယ်ငြိမ့်ကျေးရွာမှ တောင်ပို့ကြီးကျေးရွာသို့ သွားရောက်၍ ကျေးရွာစံပြ သီးနှံသစ်တောစနစ်ဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် လှေကားထစ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ ပါသည်။ (၇-၁၀-၂၀၁၄) ရက်နေ့၊ (၇:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ကို ရေပေးဝေလျက်ရှိသည့် ထီသိမ်ကန်သို့ သွားရောက်၍ ထီသိမ်ကန်ရေဝေရေလဲ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ထီသိမ်ကန် အနီးပတ်ဝန်းကျင်ရှိ ဒေသခံတိုင်းရင်းသား တောင်သူများအား တွေ့ဆုံ၍ ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေး၊ ကွက်လပ်ဖြည့်စိုက်ပျိုးရေး၊ မြေဆီလွှာတိုက်စားမှု မရှိစေရေးအတွက် သီးနှံစိုက်ပျိုးသည့် နည်းစနစ်များ မှန်ကန်စေရေး၊ ကန်၏ ရေဝေရေလဲဒေသအား အထူးကန့်သတ်ဇုန် များသတ်မှတ်ကာကွယ်ရေး၊ စိုက်ပျိုးပြီး သစ်ပင်နှင့် စိုက်ခင်းများ ရှင်သန်ကြီးထွားစေရန် ဒေသခံ ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းစောင့်ရှောက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်လေးလုံး သစ်တောသုတေသနစခန်းရှိ သုတေသနပျိုးဥယျာဉ်နှင့် စိုက်ပျိုးတည်ထောင်ထားသော ထင်းရှူးစိုက်ခင်းများအား သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ ဝန်ထမ်းများအား ကလောမြို့နယ်ကို ထင်းရှူးမြို့တော်အဖြစ် သတ်မှတ်ရေးအတွက် တည်ရှိနေသော သဘာဝထင်းရှူးတောများအား ထိန်းသိမ်းကာကွယ်ရေးနှင့် ကွက်လပ်များတွင် ထင်းရှူးပင်များ ဖြည့်စွက်စိုက်ပျိုးရန် ထင်းရှူးပျိုးပင်များ လုံလောက်အောင် ပျိုးထောင်ထားရှိရေး၊ ရေမြေ ထိန်းသိမ်းရေးအတွက် ဒေသခံသစ်မျိုးများ ပျိုးထောင်ထားရှိရေး၊ သုတေသနရလဒ်များ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေး၊ သစ်တောကြိုးဝိုင်းများ ကျူးကျော် ဖျက်ဆီးမှုမရှိစေရေး၊ သစ်တောကြိုးဝိုင်းများ တိုးချဲ့ဖွဲ့စည်းရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။