အရှေ့တောင်အာရှဒေသ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှု တားဆီး ထိန်းချုပ်ရေး ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း သတင်း (၃-၁၁-၂၀၁၄၊ နေပြည်တော်)

နေပြည်တော်၊ Grand Amara Hotel တွင် (၃-၁၁-၂၀၁၄) မှ (၄-၁၁-၂၀၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သော အရှေ့တောင်အာရှဒေသ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှု တားဆီးထိန်းချုပ်ရေး ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၏ CITES သိပ္ပံဆိုင်ရာ တာဝန်ခံဖြစ်သူ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး- ဦးဝင်းနိုင်သော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ ဆွေးနွေးပွဲသို့ CITES- MIKE Program မှ ညွှန်ကြားရေးမှူး Dr.Julian Blanc နှင့် ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ CITES တာဝန်ခံများ၊ မြန်မာနိုင်ငံ၏ MIKE လုပ်ငန်းစဉ်များကို အဓိကဆောင်ရွက် နေသည့် တောဆင်ရိုင်းများ ကျက်စားနေထိုင်ရာ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ ရွှေဥ ဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ရခိုင်ရိုးမဆင်ဘေးမဲ့တောတို့မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံသည် မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း(Convention on International Trade of Endangered Species of Wild Fauna and Flora-CITES)အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည် နှင့်အညီ ကွန်ဗင်းရှင်းမှအကောင်အထည်ဖော်ဆောင်ရွက်နေသော '' တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှု တားဆီးထိန်းချုပ်ရေးအစီအစဉ်(Monitoring on Illegal Killing of Elephant - MIKE)" တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၁၄ ခုနှစ် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံကျင်းပခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ညွှန်ကြားရေးမှူး - ဦးဝင်းနိုင်သော်မှ အဖွင့်အမှာစကားပြောကြားရာတွင် တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှုများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအရေးပါကြောင်း၊ CITES- MIKE Program တွင် MIKE site ဧရိယာများ၌ Elephant Protection Unit (EPU) များ ဖွဲ့စည်းတည်ထောင်၍ တောဆင်ရိုင်းများကို ထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းမှာ အရေးပါပြီး တရားဥပဒေစိုးမိုးရေးအတွက်လည်း အထောက်အပံ့ပေးနိုင် မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ EPU များတည်ရှိရာ ဘေးမဲ့တောများ၏ ဧရိယာများ မှာ ကြီးမားသည့်အတွက် ဆင်အပါအဝင် အခြားတောရိုင်းတိရစ္ဆာန်များအား တရားမဝင် အမဲ လိုက်ခြင်းနှင့် ရောင်းဝယ်ခြင်းများကို ထိန်းချုပ်နိုင်ရေးမှာ ခက်ခဲပါကြောင်း၊ အဆိုပါ အကြောင်း တရားများစွာကြောင့် ဒေသခံများ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှုမှာ လွန်စွာမှအရေးကြီးပါကြောင်း၊ တောဆင်ရိုင်းများ တရားမဝင်ဖမ်းဆီးသတ်ဖြတ်ခံရခြင်းအတွက် အဓိကအကြောင်းအရင်းမှာ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတို့ဖြစ်သည့် အတွက် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဆိုပါက ကြုံတွေ့နေ ရသော ပြဿနာများမှာ လျော့နည်းသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသခံပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကိုလည်း တိုးမြှင့်ဆောင်ရွက်သင့်ပါကြောင်း စသည် ဖြင့် ပြောကြားခဲ့ပါသည်။ ထို့ပြင် တက်ရောက်လာကြသည့် CITES- MIKE အဖွဲ့ဝင် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များမှလည်း မိမိတို့ နိုင်ငံအသီးသီးတွင် ဆောင်ရွက်နေသော MIKE လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနိုင်ခြင်းဖြင့် နိုင်ငံအတွက် တန်ဖိုးရှိ သော တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှုများကို ထိရောက်စွာ တားဆီးထိန်းချုပ်နိုင် ရေးလုပ်ငန်းစဉ်များကို ပိုမိုဆောင်ရွက်နိုင်ခြင်း၊ အခြားအဖွဲ့ဝင်နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှု တားဆီးထိန်းချုပ်ရေးလုပ် ငန်းများကို လေ့လာသိရှိနိုင်ခြင်းနှင့် တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှုအတွက် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်လည်း CITES- MIKE အဖွဲ့ဝင်နိုင်ငံအချင်းချင်းပူးပေါင်း၍ ရင်း နှီးပွင့်လင်းစွာအကောင်အထည်ဖော်ဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။