ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) အကြံပြုဆွေးနွေးပွဲ ကျင်းပခြင်း၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ လ ၁၉ ရက်

ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) အကြံပြုဆွေးနွေးပွဲများကို နိုင်ငံနှင့်အဝှမ်း ကျင်းပ လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ယနေ့ ကျင်းပခဲ့ပါသည်။ အမျိုး သားမြေအရင်းအမြစ် စီမံခန့်ခွဲမှု ဗဟိုကော်မတီကို ကိုယ်စားပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဦးဆောင်၍ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မြေအသုံးချမှုနှင့် ပတ်သက်၍ အဦးဆုံးထွက် ပေါ်လာမည့် မူဝါဒဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ (၂၅၀) ဦး တက်ရောက်ခဲ့ပြီး မူဝါဒ(မူကြမ်း) အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ပါသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ကို တိုင်းရင်းသားလူမျိုးစုများ၊ ဒေသခံ တောင်သူ လယ်သမားများ၏ မြေယာပိုင်ဆိုင်မှု ခိုင်မြဲစေရန်၊ မြေအရင်းအမြစ်နှင့် ပတ်သက် သည့် တိကျခိုင်မာသည့် သတင်းအချက်အလက်များ ရရှိရန်၊ မြေအရင်းအမြစ်များ စီမံခန့်ခွဲ ရာတွင် ပြည်သူများ၏ ပါဝင်ဆောင်ရွက်နိုင်မှု မြှင့်တင်ရန်၊ အနာဂတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်သည့် မြေအသုံးချမှု လုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေးဆွဲခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် မူဝါဒ(မူကြမ်း) နှင့်ပတ်သက်သည့် အကြောင်းအရာ အချက် အလက်များကို အသေးစိတ် ရှင်းလင်းခဲ့ပြီး၊ ဆွေးနွေးပွဲ တက်ရောက်သူများ၏ အကြံပြုချက် များကို သဘာပတိ အဖွဲ့မှ (၁) နာရီခွဲကျော် ကြာမြင့်စွာ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပါ သည်။ အကြံပြုချက်များတွင် တောင်သူလယ်သမားများအတွက် မြေယာအငြင်းပွားမှုများ ဖြေရှင်းရာတွင် မှတ်ပုံတင်ထားသော လူမှုအဖွဲ့အစည်းများအပြင် မှတ်ပုံမတင်ရသေးသော လူမှုအဖွဲ့အစည်းများကိုလည်း ပါဝင်ဆောင် ရွက်ခွင့်ပြုသင့်ကြောင်း အကြံပြုချက်လည်း ပါဝင်ပါသည်။ (လူမှုအဖွဲ့အစည်းများကို မြေယာအငြင်းပွားမှု ဖြေရှင်းရာတွင် ပါဝင်ဆောင် ရွက်ခွင့်ပြုခြင်းကို မူဝါဒ(မူကြမ်း) အပိုဒ် ၄၆(ဂ) တွင် ထည့်သွင်းထားပါသည်။) မြေယာ ပဋိပက္ခ အငြင်းပွားမှုများ မဖြစ်ပေါ်စေရေးအတွက် မြေအသုံးချမှု စီမံကိန်းများကို အောက် ခြေမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းကိုလည်း တက်ရောက်လာသူ များမှ အကြံပြုဆွေးနွေးခဲ့ပါသည်။ အကြံပြုဆွေးနွေးပွဲများမှ ရရှိသော အကြံပြုချက်များကို စိစစ်သုံးသပ်ပြီး အမျိုးသား မြေအသုံးချမှု မူဝါဒတွင် ထည့်သွင်း၍ ပြန်လည်ရေးဆွဲမည်ဖြစ်ပါသည်။ အကြံပြုချက်များကို စိစစ်သုံးသပ်ရန်အတွက် ကျွမ်းကျင်းပညာရှင်များ အစည်းအဝေးပြုလုပ်မည်ဖြစ်ကာ အဆိုပါ အစည်းအဝေးတွင် နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ ပါဝင်မည်။ အဓိက အကျိုး သက်ဆိုင်သူများ၏ အကြံပြုချက်များရရှိရန်အတွက်လည်း အမျိုးသားအဆင့် အလုပ်ရုံဆွေး နွေးပွဲ ဆက်လက်ပြုလုပ်၍ မူဝါဒ အချောသတ်ခြင်းကို ၂၀၁၅ ခုနှစ်တွင် အပြီးဆောင်ရွက် မည် ဖြစ်ပါသည်။ အစိုးရ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ပြည်သူများ ၏ယုံကြည်မှု တိုးတက်လာစေရန်၊ အမျိုးသားမြေအသုံးချမှု မူဝါဒကို ပြည်သူ များထောက်ခံမှုရရှိစေရန်နှင့် မူဝါဒ(မူကြမ်း) တွင် ပါဝင်သည့်အကြောင်းအရာများ ပိုမိုပြည့်စုံ ကောင်းမွန်စေရန် ရည်ရွယ်၍ အကြံပြုဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြစ်ပြီး၊ နိုင်ငံနှင့်အဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) အကြံပြု ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပမည်ဖြစ်ပါသည်။ အသေးစိတ်သိလိုပါက ဦးတင်မောင်သန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန ဖုန်း၊ ၀၆၇ - ၄၀၅၄၂၈ မူဝါဒ(မူကြမ်း)အား အောက်ပါလင့်ခ်တွင် ရယူနိုင်ပါသည်။ http:/www.fdmoecaf.gov.mm လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် မူဝါဒ(မူကြမ်း) ကို အကြံပြုလိုပါက ဒီဇင်ဘာ လ (၃၁) ရက်နေ့ မတိုင်မီ [email protected] သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။ သို့မဟုတ် သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉) နေပြည်တော်သို့လည်း ပေးပို့နိုင်ပါသည်။