ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Kisaburo ISHII လာရောက်တွေ့ဆုံ (၅-၁၂-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Kisaburo ISHII

လာရောက်တွေ့ဆုံ (၅-၁၂-၂၀၁၄)

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Kisaburo ISHII ဦးဆောင်သောအဖွဲ့အား ယနေ့ ၅-၁၂-၂၀၁၄ ရက်နေ့၊ ညနေ ၄:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

            ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောလှနိုင်တို့ တက်ရောက်ကြသည်။

            တွေ့ဆုံဆွေးနွေးရာတွင် ဂျပန်နိုင်ငံ၌ Global Positioning System (GPS) ကို အခြေခံသည့် Continuously Operating Reference Station (CORS) များ တည်ဆောက်၍ ခေတ်မီနည်းစနစ်သုံး တိကျသည့်မြေပုံထုတ်လုပ်မှု၊  မြေအသုံးချမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု၊  မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့် မြေပုံထုတ်လုပ်မှု၊ မြေပြင်ထိန်းမှတ်များ စိုက်ထူ၍ တိုင်းတာမှု၊ နယ်နိမိတ်တိုင်းတာမှုနှင့် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူမှု၊ အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေးဗဟိုကော်မတီဖွဲ့စည်းပြီး မြေအသုံးချမှု မူဝါဒနှင့် ဥပဒေ ပြဌာန်းနိုင်ရေးဆောင်ရွက်နေမှု၊ တစ်နိုင်ငံလုံးတွင် မြေပုံတစ်ခုတည်းကိုသာ အသုံးပြုသည့် OneMap Myanmar လုပ်ငန်းစဉ် စီမံဆောင်ရွက်နေမှု၊ မြေပုံထုတ်လုပ်ခြင်း၊ အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing-RS) နှင့် ပထဝီဝင်သတင်းအချက်အလက် (Geographic Information System-GIS) ဆိုင်ရာလုပ်ငန်းများတွင် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုအပ်နေမှုတို့ကို ဆွေးနွေးကြပါသည်။

            ဆက်လက်၍ အနာဂတ်ကာလတွင် မြေပုံထုတ်လုပ်မှု၊ မြေအသုံးချမှုနှင့်  စွမ်းဆောင် ရည်မြှင့်တင်ရေးကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။