ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း နှင့် စဉ်ဆက်မပြတ်မြေအသုံးချမှု စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် အမှာစကားပြောကြားခြင်း (၁၆-၁၂-၂၀၁၄)

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း နှင့် စဉ်ဆက်မပြတ်မြေအသုံးချမှု စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  တက်ရောက် အမှာစကားပြောကြားခြင်း

(၁၆-၁၂-၂၀၁၄)

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း REDD+ နှင့် စဉ်ဆက်မပြတ်မြေအသုံးချမှု စီမံခန့်ခွဲခြင်းဆိုင်ရာ နိုင်ငံတကာအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ယနေ့ (၁၆-၁၂-၂၀၁၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး            နှင့် သစ်တောရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာနမှ ဒုတိယ ဝန်ကြီး(ပတ်ဝန်းကျင်)နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်နှင့် ပတ်သက်သောအဖွဲ့အစည်း (ITTO) ၊ UN-REDD Programme နှင့် ကုလသမဂ္ဂအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံ ကျူရှူးတက္ကသိုလ် နှင့် United Nations University (UNU) တို့မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင်  ITTO ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ စီမံကိန်း(၈) ခုကို ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ REDD+ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး စီမံကိန်းအား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အကောင် အထည်ဖော်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၌ စီမံကိန်း ပြီးဆုံးမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံအနေနှင့် UN-REDD အစီအစဉ်နဲ့ ပူးပေါင်းပြီး REDD+ လုပ်ငန်းများကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပြီး REDD+ လမ်းပြ မြေပုံကို ၂၀၁၃ ခုနှစ် ဇွန်လမှာ ရေးဆွဲနိုင်ခဲ့ကာ လုပ်ငန်းကဏ္ဍ (၆)ခုကို အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့မှ   ၂၀၁၀ ခုနှစ် အစီရင်ခံစာ ဖေါ်ပြချက် အရ ၂၀၀၀ မှ ၂၀၁၀ ခုနှစ် အတွင်း ကမ္ဘာနှင့်အဝှမ်း နှစ်စဉ်သစ်တော ပြုန်းတီးမှုနှုန်းဟာ ဟက်တာ ၁၃  သန်း ခန့်ရှိကြောင်း၊        ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့တဲ့ IPCC အစီရင် ခံစာအရ သစ်တော ကဏ္ဍမှာ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏသည်   ၁၇.၄ ရာခိုင်နှုန်းရှိသည်ဟု သိရှိရပါ ကြောင်း၊ IPCC 2014 ၏ ရာသီတု ပြောင်းလဲမှု အစီရင်ခံစာတွင်လည်း “ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများ ပိုမိုများပြား လာလျက် ရှိကြောင်း၊  

ထို့ကြောင့်လည်း ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကြိုးပမ်းမှု အစီအစဉ်များတွင်သစ်တော ကဏ္ဍ၏အရေးပါမှုမှာ တိုးတက်လျှက်ရှိကြောင်း၊ REDD+ လုပ်ငန်းစဉ်များကို အလေးထား အသိအမှတ်ပြုလာကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှာ REDD+ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့   ဆထက်တံပိုးတိုးမြှင့် ကူညီလာကြတာကိုတွေ့ရမှာဖြစ်ကြောင်း၊

၂၀၁၄ ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကြီးမှုးကျင်းပခဲ့ သည့် ရာသီဥတုပြောင်းလဲမှုထိပ်သီးဆွေးနွေးပွဲတွင် “ကမ္ဘာ့အပူချိန် ၂ ဒီဂရီ ဆဲလ်ဆီးယပ် လျှော့ချ နိုင်ရန်အတွက် ၂၀၂၀ မှာ သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး၊ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းမှုလုံးဝမရှိစေရေး   ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် တောနိမ့် တောပျက် ဧရိယာဟက်တာသန်း ၃၅၀ ကို သစ်တောစိုက်ခင်းအဖြစ် တည်ထောင်စေရန်  ဦးတည် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သစ်တောပြုန်းတီးခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချ နိုင်သည့် နိုင်ငံများကို လျှော့ချနိုင်သည့် ပမာဏအလိုက် ချီးမြှင့်ပေးအပ်နိုင်ရန် ဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ကြေငြာခဲကြောင်း၊

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ရာသီဥတုပြောင်းလဲမှုပူးတွဲ ကြေငြာချက် (ASEAN Joint Statement on Climate Change 2014) တွင်လည်း REDD+ လုပ်ငန်းစဉ် ဖွံ့ဖြိုးရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် နည်းပညာနှင့် ရန်ပုံငွေကြေးအထောက်အပံ့များ ရရှိရေး အတွက်  အလေးအနက် ထည့်သွင်းကြေငြာခဲ့ပါကြောင်း၊

မြေအသုံးချမှု ပြောင်းလဲခြင်းသည်လည်း ရာသီဥတုပြောင်းလဲမှုအပေါ် ထင်ရှားသည့်               သက်ရောက်မှုများရှိကြောင်း၊ ထို့ကြောင့် မှန်ကန်စနစ်ကျသည့် မြေအသုံးချအုပ်ချုပ်မှု စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖေါ်နိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ၏ မြေအသုံးချမှု လိုအပ်ချက်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အလေးအနက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ REDD+ လုပ်ငန်းများသည် Landscape level ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် မြေအသုံးချမှု အမျိုးမျိုးကို REDD+ လုပ်ငန်းများနဲ့ လိုက်လျောညီထွေဖြစ်အောင် စီစဉ်ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊

ထို့ကြောင့်လည်း ယခုအလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတကာတွင် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိတဲ့ REDD+ လုပ်ငန်းစဉ်များနှင့် မြေအသုံးချမှုလုပ်ငန်းဆိုင်ရာ အတွေ့အကြုံ၊ ဗဟု သုတများ၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ကာ ယခုအလုပ် ရုံဆွေးနွေးပွဲမှ မိမိတို့၏ သစ်တောကဏ္ဍပင်မလုပ်ငန်းများကို အထောက်အကူပြုနိုင်ရုံသာမက မြေ အသုံးချမှုမူဝါဒရေးဆွဲရေးနဲ့ အနာဂတ်ကာလ မှန်ကန်စနစ်ကျတဲ့ မြေအသုံးချအုပ်ချုပ်မှု စီမံကိန်း များရေးဆွဲအကောင်အထည်ဖေါ်နိုင်ရေးအတွက်ပါ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ဆွေးနွေး မှာကြားပါသည်။

အဆိုပါ လုပ်ရုံဆွေးနွေးပွဲသည် REDD+ လုပ်ငန်းများ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးလာစေရေး၊ စဉ်ဆက်မပြတ်သစ်တောစီမံအုပ်ချုပ်ရေးနဲ့ စဉ်ဆက်မပြတ် မြေအသုံးချမှု စီမံကိန်းများရေးဆွဲ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဦးတည်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ကာ REDD+ နှင့် စဉ်ဆက်မပြတ် မြေအသုံးချမှုဆိုင်ရာ နည်းပညာစာတမ်း (၁၆) စောင်ကို သစ်တောဦးစီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကျွမ်းကျင်ပညာရှင်များက (၁၆.၁၂.၂၀၁၄) မှ (၁၇.၁၂.၂၀၁၄) ရက်နေ့အထိ ကျင်းပဖတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။