ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား UNESCO ၏World Heritage Centre မှ Director ဖြစ်သူ Mr. Kishore Rao နှင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း (၁၈-၁၂-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား UNESCO ၏World Heritage Centre မှ Director ဖြစ်သူ Mr. Kishore Rao နှင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း

(၁၈-၁၂-၂၀၁၄)

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား UNESCO World Heritage Centre မှ Director ဖြစ်သူ Mr. Kishore Rao ၊ UNESCO Myanmar မှ Head of Office ဖြစ်သူ Mr. Sardar Umar Alam ၊ National Federation of UNESCO Associations in Japan မှ  Mr. Akito Terao နှင့် Mr. Noboru Noguchi တို့သည် ယနေ့ ၁၈-၁၂-၂၀၁၄ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။

            ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာ ညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။

            ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ယူနက်စကိုမှ ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် (World Cultural Heritage List) ပျူမြို့ဟောင်း ၃ မြို့ အတွက် ယူနက်စကိုနှင့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် အလားတူ ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်နေရာ (World Natural Heritage Site) အဖြစ် အလားအလာရှိသည့် ဒေသများ ရွေးချယ်မှု၊ အာဆီယံ အမွေအနှစ်ဥယျာဉ် (ASEAN Heritage Park - AHP) အဖြစ် သတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံမှ သဘာဝနယ်မြေနှင့် ဘေးမဲ့တောများ၊ ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်နေရာ အဖြစ် ယူနက်စကိုသို့ ပေးပို့ထားသည့် လျာထားစာရင်းမှ ကွင်းဆင်းလေ့လာမှုများအရ ခါကာ ဘိုရာဇီအမျိုးသားဥယျာဉ်အား ရွေးချယ်မှုအခြေအနေ၊ အင်းလေးကန်အား ဇီဝအဝန်းကြိုးဝိုင်း (Biosphere Reserve) အဆိုပြုထားမှု၊ ကွင်းဆင်းလေ့လာရန် အစီအစဉ်များ၊  သဘာဝသယံ ဇာတများ ထာဝစဉ်တည်တံ့စေရေးအတွက် ဒေသခံများအား အသိပညာပေးမည့် အစီအမံများ နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များ၊ အမျိုးသားဥယျာဉ်နှင့် ဘေးမဲ့တောများအား ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရန် ဇီဝအုပ်ချုပ်မှုစီမံကိန်းများရေးဆွဲရန် နည်းပညာအကူအညီရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။