ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ဂျပန်နိုင်ငံ Sapporo မြို့၊ ဒုတိယမြို့တော်ဝန် Mr. Noriaka Ikushimaနှင့်အဖွဲ့ လာရောက်တွေ့ဆုံ (၂၆-၁၂-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည်ဂျပန်နိုင်ငံ၊ Sapporo မြို့၊ ဒုတိယမြို့တော်ဝန် Mr. Noriaka Ikushima ဦးဆောင်သောအဖွဲ့အား ယနေ့ ၂၆-၁၂-၂၀၁၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူတို့တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင်မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ နှစ်နိုင်ငံ သံတမန် ဆက်ဆံခြင်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် ဂျပန်နိုင်ငံ Sapporo Maruyama တိရစ္ဆာန်ဥယျာဉ်အကြား တိရစ္ဆာန်များ အပြန်အလှန်လဲလှယ်ရေးအစီအစဉ် နှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ Sapporo Maruyama တိရစ္ဆာန်ဥယျာဉ် အနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်များကို အများပြည်သူအား ပြသခြင်း၊ ပညာပေးခြင်း၊ တိရစ္ဆာန်များ သိပ္ပံနည်းကျထိန်းသိမ်းခြင်း၊ မျိုးရိုးဗီဇထိန်းသိမ်းပြီး မျိုးဆက် စေခြင်းဆိုင်ရာ နည်းပညာများ အကူအညီပေးမည့် အစီအစဉ်၊ မြန်မာနိုင်ငံအနေနှင့် အခြား နိုင်ငံများအကြား တိရစ္ဆာန်လဲလှယ်ပြီး အများပြည်သူအား ပြသနိုင်မှုအခြေအနေ၊ မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများ ကျက်စားမှုနှင့် ဆင်ဘေးမဲ့တောများ တည်ထောင်၍ ထိန်းသိမ်းစောင့်ရှောက် ထားရှိမှု၊ ယဉ်ပါးပြီး ဆင်များ (Domesticated Elephants) မွေးမြူစောင့်ရှောက်ထားမှု အခြေအနေ၊ အစဉ်အလာအရ ဆင်များအပေါ် အလေးအမြတ်ထားမှု၊ မြန်မာနိုင်ငံ ဆင်ထိန်း သိမ်းရေး စီမံချက် (Elephant Conservation Action Plan) ရေးဆွဲဆောင်ရွက်သွားမည့် အစီအစဉ်၊ နောင်အနာဂတ်ကာလတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အလားအလာ များကို ရင်းရင်းနှီးနှီး ဆွေးနွေးညှိနှိုင်းကြသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် Sapporo Maruyama တိရစ္ဆာန်ဥယျာဉ်အကြား မြန်မာ နိုင်ငံမှ ဆင်နှင့် ဂျပန်နိုင်ငံဘက်မှ သစ်ကုလားအုပ်၊ မြင်းကျား၊ ဖလင်းမင်းဂိုငှက် (Flamingo) အပါအဝင် အခြားရှားပါး တိရစ္ဆာန်များကို အပြန်အလှန် လဲလှယ်သွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။