မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲသတင်းထုတ်ပြန်ချက်

ဥရောပသမဂ္ဂနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံ၏ သစ်တောများကို ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်နိုင်ရေးအား အထောက်အကူပြု သည့် ဥရောပသမဂ္ဂ၏ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှု နှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်း စီမံချက် (Forest Law Enforcement, Governance and Trade- FLEGT Action Plan) တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရေးအတွက် ၂၀-၁၀-၂၀၁၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ၂၀၀၃ ခုနှစ်တွင် ဥရောပသမဂ္ဂသည် ဥရောပသမဂ္ဂနှင့် သစ်တင်ပို့သည့် နိုင်ငံများတွင် တရားမဝင်သစ်ထုတ်လုပ်မှုကို တိုက်ဖျက်နိုင်ရန်နှင့် တရားဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုကို မြှင့်တင်နိုင်ရန်အတွက် FLEGT Action Plan ကို ရေးဆွဲခဲ့ပါသည်။ အဆိုပါ Action Plan ၏ အနှစ်သာရမှာ ဥရောပသမဂ္ဂနှင့် သစ်တင်ပို့သည့် နိုင်ငံများအကြား တရားမဝင် သစ်ကုန်သွယ်မှုကို တိုက်ဖျက်နိုင်ရေးအတွက် ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက်များ (Voluntary Partnership Agreements -VPAs) ချမှတ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ VPA ညှိနှိုင်းဆွေးနွေးရေးလုပ်ငန်းစဉ်တွင် သစ်တောဆိုင်ရာရပိုင်ခွင့်များနှင့် တရားဝင်ဖြစ် ကြောင်းစံများ ဖော်ထုတ်ခြင်းတို့အား သက်ဆိုင်သူအားလုံး၏ သဘောတူညီချက် ရယူဆောင်ရွက် ခြင်းနှင့် VPA အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သစ်ထုတ်သည့်နိုင်ငံမှ တရားဝင် သစ်များအား EU သို့ တင်ပို့ရန် လိုင်စင်ထုတ်ပေးခြင်းတို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ဂေဟစနစ်စုံလင်ပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံဖြစ် ပါသည်။ သစ်တောများကို ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်နိုင်ရေးနှင့် ထိန်းသိမ်းကာကွယ်နိုင်ရေးတို့ သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။ ၂၀၁၃ ခုနှစ်တွင် FLEGT VPA လုပ်ငန်းစဉ်အား ကြိုတင် ပြင်ဆင်သည့်အဆင့်(FLEGT VPA Preparation Phase)မှ ပါဝင်ဆောင်ရွက်ရန် ဆန္ဒပြုခဲ့ခြင်း သည် မြန်မာနိုင်ငံ၏ ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများအနက် တစ်ခုဖြစ်သည့် တရားဝင် သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုနှင့်တာဝန်ယူမှုရှိသည့် ကြီးကြပ်အုပ်ချုပ်မှုတို့အား ဖော်ပြခြင်း ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ကောင်းမွန်သောအုပ်ချုပ်မှု၊ တရားဥပဒေလေးစားလိုက်နာမှု နှင့် ပွင့်လင်း မြင်သာမှုတို့ကို ဦးတည်သော FLEGT လုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရ၏ ကတိကဝတ်ပြု ဆောင်ရွက်နေမှုတို့နှင့် ကိုက်ညီမှုရှိကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ တရားဝင်ညှိနှိုင်း ဆွေးနွေးမှုများသို့ ဦးတည်သည့် Joint FLEGT VPA Preparatory Phase ဆောင်ရွက်နေမှုအား ထပ်မံအတည်ပြုခဲ့ပါသည်။ FLEGT VPA Preparatory Phase လုပ်ငန်းစီမံချက် (Work Plan)ကို ပူးပေါင်းပါဝင်ဆောင်ရွက်သောနည်းလမ်းဖြင့် အသေးစိတ်ရေးဆွဲနိုင်ရန် ကနဦးအလုပ်ရုံ ဆွေးနွေးပွဲ (Inception Workshop)အား ကျင်းပပြုလုပ်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်ရန်စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ တရားဝင်ညှိနှိုင်းဆွေးနွေးမှုများ(Formal Negotiations) မစတင်မီ ကြိုတင် ပြင်ဆင်သည့်အဆင့် (FLEGT VPA Preparatory Phase) တွင် FLEGT VPA လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရမည့် အဖွဲ့အစည်းများအနေဖြင့် FLEGT VPA လုပ်ငန်းစဉ်တစ်ခုလုံးအား နားလည် သဘောပေါက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ နောက်ခံအကြောင်းအရာ ဆန္ဒအလျောက် မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက်များ (VPAs) သည် တရားမဝင်သစ်ထုတ်လုပ်နေမှုကို တိုက်ဖျက်ရန်အတွက် ဥရောပသမဂ္ဂမှ ရေးဆွဲဆောင်ရွက် လျက်ရှိသော မဟာဗျူဟာအစီအစဉ်၏ အဓိကအစိတ်ပိုင်းတစ်ခု ဖြစ်ပါသည်။ VPA သည် ဥရောပသမဂ္ဂနှင့် သစ်တင်ပို့သည့်နိုင်ငံတို့အကြား ကုန်သွယ်မှုဆိုင်ရာ နှစ်ဖက်သဘောတူညီချက် တစ်ခုဖြစ်ပါသည်။ VPA ၏ ရည်ရွယ်ချက်များမှာ- (၁) သစ်ထုတ်လုပ်သည့်နိုင်ငံမှ ဥရောပသမဂ္ဂသို့ တင်ပို့သောသစ်များသည် တရားဝင် ဇစ်မြစ်များမှ ထွက်ရှိသော သစ်များဖြစ်ကြောင်း အာမခံရန် (၂) သစ်တောအုပ်ချုပ်မှုနှင့် ဥပဒေ၊စည်းမျဉ်းစည်းကမ်းများ တိုးတက်စေခြင်းဖြင့် မိတ်ဖက် နိုင်ငံ၌ တရားမဝင်သစ်ထုတ်မှု ပပျောက်ရေးကို အကူအညီပေးရန်၊ သစ်တင်ပို့သည့်နိုင်ငံများသည် VPAs အား မိမိသဘောဆန္ဒအလျောက် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ပါသည်။ သို့သော် VPA လက်မှတ်ရေးထိုးပြီးပါက နှစ်ဦးနှစ်ဖက်စလုံးသည် ဥပဒေ နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ VPA အရ သစ်တင်ပို့သည့်နိုင်ငံသည် တရား ဝင်သစ်ဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်သည့်စနစ်များ ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း တရားဝင်လိုင်စင်(FLEGT License)ဖြင့် တင်ပို့သောသစ်များကို သာ လက်ခံရမည်ဖြစ်ပါသည်။