ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း အမှတ်စဉ်(၆)တွင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်းသတင်း ( ၅.၁.၂၀၁၅ )

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအောက်ရှိ မြို့နယ်တာဝန်ခံ အဆင့် ဦးစီးအရာရှိများ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အမှုထမ်းများ အတုယူလာစေရန်၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှုနှင့် သစ်တောကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် လုပ်ငန်းစွမ်းဆောင် ရည် တိုးတက်လာစေရန်နှင့် ဝန်ထမ်းကောင်းတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့် စိတ်ဓာတ်၊ စာရိတ္တနှင့် ခံယူချက်၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံ၍ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲ ဥပဒေ များကို မိမိကိုယ်တိုင်နှင့် လက်အောက်ဝန်ထမ်းများ ကျွမ်းကျင်တတ်ကျွမ်းလာစေရန်နှင့် လုပ်ငန်းအစီအမံ များကို အကောင်အထည်ဖော်ဆောင်ရွက်မှု တိကျမှန်ကန်စေရန်ရည်ရွယ်၍ ဦးစီးအရာရှိများ စွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၆)ကို သစ်တောသုတေသန ဌာန (ရေဆင်း)၊ စုဝေးခန်းမ၌ ယနေ့ (၅.၁.၂၀၁၅) ရက်နေ့၊နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်း ကျင်ထိန်း သိမ်း ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအေးမြင့်မောင်တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ သင်တန်း ဆရာများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါ သည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဦးစီးအရာရှိများသည် မိမိတို့ တာဝန်ကျရာ မြို့နယ်များတွင် ဦးစီးဦးဆောင်ပြုပြီး သက်ဆိုင်ရာ ဌာနရည်မှန်းချက်များကို ပြောင်းလဲနေသည့် အုပ်ချုပ်မှုစနစ်များအောက်တွင် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့်ပြဋ္ဌာန်းထားသည့်ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် ညွှန်ကြားချက်များ ရှိပြီးဖြစ်သကဲ့သို့ ရေတိုရေရှည်စီမံကိန်းများကို လည်းအောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ကြောင်း၊ လူဦးရေ တိုးပွားလာသည်နှင့်အမျှ စိုက်ပျိုးမြေနှင့် မြို့ပြများအတွက် မြေယာချဲ့ထွင်မှုနှင့် သစ်တောထွက်ပစ္စည်းလိုအပ်ချက်များ များပြားလာသဖြင့် အတ္တပေါ်အခြေခံသည့် ဝိသမလောဘသားများ၏ တရားမဝင် သစ်ထုတ်လုပ် မှုများကြောင့် သစ်တောများသည် အတန်းအစား နိမ့်ကျလာသည့် အခြေအနေနှင့်ရင်ဆိုင် နေရပြီဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဗဟို ချုပ်ကိုင် မှုလျှော့ချခြင်းများကြောင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ခွဲဝေတာဝန်ယူမှု များပြားလာသည်နှင့်အမျှ နယ်ဘက်အရာထမ်းများတွင် မိမိတို့ အဖွဲ့အစည်းအသီးသီးနှင့် ဝန်ထမ်း အဆင့်ဆင့်၏ တာဝန်ရှိမှု၊ တာဝန်သိမှုနှင့် တာဝန်ယူမှု လိုအပ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ တာဝန်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှုနှင့် ဗဟုသုတများ ပြည့်စုံ စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း၊တက်ရောက်မည့် သင်တန်း တွင် စာတွေ့သင်ကြားခြင်းသာမက လက်တွေ့လေ့လာခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် အခြေခံ စစ်ရေးပြ လေ့ကျင့်ခြင်းများလည်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် မြို့နယ် သစ်တော ဦးစီးဌာနရုံး၏ တောတွင်းနှင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာ ချက်များကို စံနမူနာ ပြနိုင်ရန် အတွက် လေ့လာရေးခရီးစဉ် တစ်ခုကိုလည်း ထည့်သွင်း စီစဉ်ထား ကြောင်း၊
သင်တန်းသားများအနေဖြင့် အတူတွဲဖက်လုပ်ကိုင်ရမည့် ဝန်ထမ်းများနှင့်တွဲဖက် တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်မည့် စွမ်းဆောင်ရည်များရရှိလာ စေရန် သင်တန်းကာလအတွင်း သင်ကြားမှုများကို သေချာစွာ လေ့လာမှတ်သားထားကြစေလို ကြောင်း၊ သင်တန်းသား တစ်ဦးချင်းစီ၏ စွမ်းဆောင်မှုများကိုလည်း မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများ၊ သင်တန်းသားများ အတူတကွ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲအခမ်းအနားကို နံနက်(၉:၃၀)တွင် ရုတ်သိမ်းခဲ့ပါသည်။ သင်တန်းကို ဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာနမှ(၂၅)ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မှ(၃)ဦးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ(၂)ဦး၊ စုစုပေါင်း ဦးစီးအရာရှိ(၃၀)ဦး တက် ရောက်ခဲ့ကြပြီး ဇန်နဝါရီလ(၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။