မြေအသုံးချမှုမူဝါဒ သုံးသပ်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက် အမှာစကားပြောကြားခြင်း ( ၁၂.၁.၂၀၁၅ )

မြေအသုံးချမှုမူဝါဒ သုံးသပ်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန အင်ကြင်းခန်းမ၌ ယနေ့(၁၂.၁.၂၀၁၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကျွမ်းကျင်ပညာရှင်များတက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီးမှ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် ကျင်းပခဲ့သည့် မြေအရင်းအမြစ် စီမံခန့်ခွဲရေ:ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနား၌ မြေ၊ ရေ၊ သစ်တောစသည့် သဘာဝသယံဇာတများကို နောင်သားစဉ် မြေးဆက်အထိ စနစ်တကျ သုံးစွဲနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ကို စနစ်တကျစီမံ တွက်ချက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ဟု မှာကြားသွားခဲ့ပါကြောင်း၊ ပြည်သူ များလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးများ ကို ဦးစားပေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
မြေအရင်းအမြစ် စီမံခန့်ခွဲရာတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လူမှုရေးဆိုင်ရာ ရှုထောင့်စုံမှ သုံးသပ်ပြီး မှန်ကန်ပြည့်စုံတဲ့မူဝါဒ၊ ခိုင်မာတဲ့ ဥပဒေမူဘောင်နှင့် စွမ်းရည်ရှိတဲ့ မြေစီမံအုပ်ချုပ်ရေးစနစ်များကိုချမှတ်ကျင့်သုံးအကောင်အထည်ဖေါ်ရန်လွန်စွာအရေးကြီးကြောင်း၊ မြေသယံဇာတတွေကို မျှမျှတတနှင့်အကျိုးဖြစ်ထွန်းစွာအသုံးချနိုင်ရေး၊ပြည်သူလူထု၏ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်များကို ဥပဒေ အကြောင်းအရ အကာအကွယ်ပေးရေးနှင့် ထိရောက်သည့် မြေယာစီမံခန့်ခွဲ အုပ်ချုပ်မှု စနစ်ဖြစ်ပေါ်လာရေးတို့ကို အခြေခံစဉ်းစားရမည် ဖြစ်ကြောင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ပြီး အဖွဲ့ဝင်(၁၈)ဦးပါဝင်သည့် မြေ အသုံးချမှု မူဝါဒသုံးသပ်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းတာဝန်(၁၆)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊
လက်ရှိရေးဆွဲပြုစုထားသည့် အမျိုးသား မြေအသုံးချမှု မူဝါဒ (ပဉ္စမမူကြမ်း)ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပပြုလုပ်ခဲ့သော အများပြည်သူ ထံမှ အကြံပြုချက်ရယူသည့်အချက်များအပေါ်မူတည်ပြီး ပြင်ဆင်ဖြည့်စွက်ပြုစုခြင်း၊ မြေအသုံး ချမှု မူဝါဒသုံးသပ်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင်များနဲ့ ကျွမ်းကျင်သူ ပညာရှင်များကို ဖိတ်ကြားပြီး ကျွမ်းကျင်သူများ စားပွဲဝိုင်း ဆွေးနွေးပွဲ (Expert Round Table Meeting) ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပခြင်းရရှိလာသည့် အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း)ကို မြေအသုံးချမှု မူဝါဒသုံးသပ်ရေး လုပ်ငန်းကော်မတီမှတဆင့် အမျိုးသား မြေအရင်း အမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြပြီး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်း ပခြင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာမည့်ရလဒ်များနဲ့ အကြံပြုချက်များအပေါ်မူတည်၍ မူဝါဒ (မူကြမ်း) အားထပ်မံဖြည့်စွက်၊ တည်းဖြတ်ပြင်ဆင်ခြင်းနှင့် မြေအသုံးချမှု မူဝါဒသုံးသပ်ရေး လုပ်ငန်း ကော်မတီမှတဆင့် အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ကျွမ်းကျင်ရာ အပိုင်းကဏ္ဍ အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ထို့နောက် အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အမျိုးသား မြေအသုံးချမှု မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများမှ ပြန် လည်ဆွေးနွေးကာ ဒုတိယဝန်ကြီ:မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို နံနက် (၁၁:၁၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။