မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ သစ်ကုန်သွယ်မှု ၊ စီမံအုပ်ချုပ်မှုနှင့် လုပ်ထုံးလုပ်နည်းစနစ်များ ဆိုင်ရာ ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အဖွင့်အမှာစကားပြောကြားခြင်း (၁၄- ၁- ၂၀၁၅)

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သစ်ကုန်သွယ်မှု၊ စီမံအုပ်ချုပ်မှုနှင့် လုပ်ထုံးလုပ်နည်း စနစ်များ ဆိုင်ရာ ဆွေးနွေးပွဲကို Grand Amara ဟိုတယ်၌ ယနေ့(၁၄-၁-၂၀၁၅) ရက်နေ့ ၊ နံနက်
(၉:၃၀) အချိန်တွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်အမှာစကားပြောကြာခဲ့ပါသည်။
အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာဒေါ်သက်သက်ဇင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး Mr.Li Xiaoyan, မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးမှ သံအရာရှိ Mr. Anthony Preston ၊ Global Environment Institute မှ Miss. Jin Jiaman ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးပြုခြင်းနှင့် ကုန်သွယ်ရေး လုပ်ငန်း အတွက် ပဓာနကြသည့် အကြောင်းအရာတစ်ရပ်ဖြစ်ပါကြောင်း၊ သဘာဝသယံဇာတများ ပေါများကြွယ်ဝသော်လည်း လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး စသည့် အကြောင်းများကြောင့် ရောင်းချရန် အခွင့်အလမ်းနည်းပါခဲ့ပြီး ကုန်ချောအဖြစ် အသုံးချရန်လည်း နည်းပညာနည်းပါးခဲ့မှု ကြောင့် သစ်နှင့် သစ်တောထွက်ပစ္စည်းများသည် ကုန်ကြမ်းအဖြစ် ကုန်သွယ်စီးဆင်းမှု ဖြစ်ပေါ်စေခဲ့ ခြင်းဖြစ်ပါကြောင်း၊
တောရိုင်းတိရစ္ဆာန်များအပါအဝင် သစ်နှင့်သစ်တောထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို တားဆီးကာကွယ်ရန် UNCBD, CITES အဖွဲ့အစည်းများ အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် ကွန်ဗင်းရှင်းများတွင် လိုက်နာဆောင်ရွက်ရန် လက်မှတ် ရေးထိုးထားပြီး ဒေသအဆင့်ဆွေးနွေးမှုများ ရှိသော်လည်း ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့သည် ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊
ပြည်ပနိုင်ငံများသို့ တရားမဝင် သစ်တင်ပို့မှုသည် တရားမဝင်သစ်တင်ပို့မှုများနှင့် နှိုင်းယှဉ် ပါက ပိုမိုများပြားနေကြောင်း၊ တရားမဝင်သစ်မြောက်များစွာ ခိုးထုတ်မှုကြောင့် နိုင်ငံဘဏ္ဍာငွေများ ဆုံးရှုံးသလို ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးစေပါကြောင်း၊ ယခုအခါ EU-FLEG-T ၊ ASEAN Timber Certification Initiatives အစီအစဉ်များမှာ ပူးပေါင်းပါဝင်ပြီး၊ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို နိုင်ငံတကာစျေးကွက်တွင် တရားဝင် ရောင်းဝယ်ဖောက်ကားနိုင်ရန် လိုအပ်သည့် သစ်ထောက်ခံချက်ပြုသည့် လုပ်ငန်းစဉ် (Timber Certification ) ၊ တရားမဝင်သစ် (Legality of Timber) နှင့် ထာဝစဉ် တည်တံ့စေမည့် သစ်တော စီမံအုပ်ချုပ်မှု (Sustainable Forest Management) စသည့် ရေရှည်ဖွံ့ဖြိုးမှုကို ရှေးရှု့သည့် လမ်းကြောင်းမှန် ပေါ်ကို လျှောက်လှမ်း နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အလားတူ တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ် ဖောက်ကားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန် ASEAN Wildlife Enforcement Network (ASEAN-WEN) မှာ မိမိတို့အနေနှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊
တရားမဝင်သစ်ခိုးထုတ်မှုကို တားဆီးကာကွယ်ခြင်းနှင့် သစ်အခြေခံ စက်မှုလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာ မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတစ်ရပ်ကိုUKDFID နှင့် Blue Moon Foundation တို့၏ရန်ပုံငွေအထောက်အပံ့ရယူပြီး Global Environmental Institute-GEI နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊
ဒီနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် နှစ်နိုင်ငံ သစ်ကုန်သွယ်မှုများ၊ ရင်းနှီးမြုပ်နှံမှုများအတွက် စတင်သည့် ခြေလှမ်းဖြစ်ပြီး ရလဒ်ကောင်းများ ရရှိနိုင်ရန်မျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသော UKDFID , Blue Moon Foundation နှင့် GEI အဖွဲ့တို့ကို လည်း ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားခဲ့သည်။
ထို့နောက် Research Institute of Forestry Policy and Information of SFA မှ Mr. Chen Shaozhi က စီမံကိန်းဆိုင်ရာ ကိစ္စရပ်များအား အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲ အခမ်းအနားကို နံနက် (၁၁:၀၀) နာရီတွင် ခေတ္တရပ်နားကာ ညနေ (၁၆:၃၀) နာရီ အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။