ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား နော်ဝေနိုင်ငံ၊ The Norwegian Environment Agency မှ လာရောက် တွေ့ဆုံဆွေးနွေးသည့် သတင်း (၂၀-၁-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား နော်ဝေနိုင်ငံ၊ The Norwegian Environment Agency မှ Senior Advisor Ms. Kristin Eine နှင့် Senior Advisor Mr. Svein Grotli Skogen တို့မှ ယနေ့ ၂၀-၁-၂၀၁၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးတို့မှ တက် ရောက် ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် နော်ဝေနိုင်ငံအစိုးရ အထောက်အပံ့ဖြင့် Oil for Development အစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများအတွက် အထောက်အပံ့ပေးမည့် အစီအစဉ်များ၊ ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာ စေရေးအတွက် သင်တန်းပို့ချပေးမည့် အစီအစဉ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆန်းစစ်ခြင်း နည်းပညာနှင့်အတွေ့အကြုံများ ဖြန့်ဝေ ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။