ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Winfried F. Wicklein ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေး (၂၁-၁-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းသည် အာရှဖွံ့ဖြိုးရေးဘဏ်၊ Myanmar Resident Mission မှ Country Director ဖြစ်သူ Mr. Winfried F. Wicklein ဦးဆောင်သောအဖွဲ့အား ယနေ့ ၂၁-၁-၂၀၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပမည့် စတုတ္ထအကြိမ် မဲခေါင်ဒေသခွဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဆင့်အစည်းအဝေး (The Fourth GMS Environment Ministers’ Meeting - EMM-4) ကျင်းပရာတွင် ဆွေးနွေးညှိနှိုင်းမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရေးအတွက် အာရှဖွံဖြိုးရေးဘဏ်မှ ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် အာရှ ဖွံဖြိုးရေးဘဏ်တို့အကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးညှိနှိုင်းကြသည်။
အာရှဖွံ့ဖြိုးရေးဘဏ်မှ မဲခေါင်ဒေသခွဲ (၆) နိုင်ငံတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့ အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လူသားအရင်း အမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မူဘောင်နှင့် အကောင် အထည်ဖော်မည့်အစီအစဉ် (၂၀၁၄-၂၀၁၈ ခုနှစ်) ဖြင့် ဦးစားပေး လုပ်ငန်းစီမံကိန်း (၉၂) ခု အတွက် အမေရိကန်ဒေါ်လာ ၃၀.၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ရှိကြောင်း၊ မြန်မာနိုင်ငံ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့်ဆက်နွယ်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်း (၂) ခုနှင့် နည်းပညာ ကူညီပံ့ပိုးမှု လုပ်ငန်းစီမံကိန်း (၆) ခု အပါအဝင် ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းစီမံကိန်းများဖြင့် ဒေသနေ ပြည်သူများ၏ လူနေမှုဘဝ အထောက်အကူပြုရန် အတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများ၊ သီးနှံ-ဇီဝမျိုးစုံ ထုတ်ကုန်ပစ္စည်း (Agro-biodiversity Products) ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစိမ်းရောင် တန်ဖိုး ကွင်းဆက် (Green Value Chains) လေ့လာဆန်းစစ်ဖော်ထုတ်ရေး၊ မြေ အသုံးချမှုနှင့် စွမ်းအင်အသုံးချမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံချက်များအတွက် အထောက်အကူပြုရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံစိတ်ချ ရမှု ဖွံ့ဖြိုးတိုးတက်ရေး (Environmental Safeguards)၊ နယ်စပ် ဖြတ်ကျော်၍ သဘာဝနယ်မြေများ စီမံအုပ်ချုပ်ရေး (Transboundary Protected Management)၊ ရေအရင်းအမြစ်များအသုံးပြုခြင်းအပါအဝင် ပတ်ဝန်းကျင်ဝန်ဆောင်မှုအတွက် အခွန် ကောက်ခံမှု (Payment for Environmental Services - PES) စနစ် ဖော်ထုတ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအညွှန်းကိန်း (Environmental Performance Index - EPI) များ ဖော်ထုတ်ရေး၊ နိုင်ငံဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေးအစီအစဉ်များအတွက် အမျိုးသားအဆင့် အထောက် အကူပြု အဖွဲ့များ ဖွဲ့စည်းရေး (National Support Units) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။