မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား သစ်တောကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက် နိုင်ရေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်သတင်း (၂၁-၁-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍ “ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက်ချမှတ်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် အဆင့်လုပ်ငန်းအစီအစဉ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ရက်နေ့အထိ နေပြည်တော်၊ ဂရင်းအမရ ဟိုတယ်တွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် သစ်တောစီမံအုပ်ချုပ်မှုကို အထောက်အကူပြုရန်နှင့် သစ်တောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုရန်အတွက် ဥရောပ သမဂ္ဂ၏ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းစဉ်(Forest Law Enforcement, Governance and Trade- FLEGT) တွင် ပူးပေါင်းပါဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
တရားဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများထုတ်ယူရောင်းချခြင်း လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက် စေခြင်းသည် တရားမဝင် သစ်ထုတ်ယူနေမှုများကိုတိုက်ဖျက်ရာတွင် အဓိကအရေးပါသည့် အခြေခံအုတ်မြစ် ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပုဂ္ဂလိက လုပ်ငန်းရှင် များ တက်ရောက်ခဲ့ကြပြီး၊ FLEGT လုပ်ငန်းစဉ်များတွင် ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက် (Voluntary Partnership Agreement-VPA) လက်မှတ်ရေးထိုးနိုင်ရေးကြိုတင် ပြင်ဆင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ် များကိုဆွေးနွေးခဲ့ကြသည်။
ဤကြိုတင်ပြင်ဆင်သည့်အဆင့်သည် VPA အရ ဆွေးနွေးညှိနှိုင်းခြင်း မစတင်မီ အကျိုးဆက်စပ်သူ များ အကြားအပြန်အလှန် နားလည်သဘောပေါက်စေရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုံစံများ ဖွဲ့စည်းဆောင်ရွက်နိုင်စေရန်အတွက် အရေးပါသည့် အဆင့်တစ်ခုဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ညှိနှိုင်းဆွေးနွေးသည့်အဆင့်သို့ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်ချက် များနှင့် ကွာဟချက်များကိုဆွေးနွေးဖော်ထုတ်ခဲ့ကြသည်။ လုပ်ငန်းအစီအစဉ်ရေးဆွဲရာတွင်လည်း အကျိုး ဆက်စပ်သူအားလုံးတက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် FLEGT VPA လုပ်ငန်းစဉ်အတွင်း ကြိုတင်ပြင်ဆင်သည့် အဆင့်မှ စတင် ဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်တွင်အဆိုပြုခဲ့သည်။ ယင်းကဲ့သို့ အဆိုပြုခြင်းသည် မြန်မာနိုင်ငံအစိုးရ၏ ဦးစားပေးဆောင်ရွက်နေသည့်လုပ်ငန်းများတွင် ပါဝင်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများတရားဝင် ထုတ်လုပ်ရောင်းချနေကြောင်းနှင့် တာဝန်ယူမှုရှိသည့် စီမံအုပ်ချုပ်မှုဖြင့် ဆောင်ရွက်နေကြောင်းကို ဖော်ပြ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတများနှင့် ကွဲပြားခြားနားသော ဂေဟစနစ်များ စုံလင်စွာ တည်ရှိ နေသည့် နိုင်ငံတစ်ခုဖြစ်သည်။ သို့ရာတွင် မြန်မာ့သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရေရှည်တည်တံ့စွာစီမံအုပ်ချုပ်ခြင်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများကြုံတွေ့ရလျက်ရှိသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအစိုးရကိုယ်စား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်း ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် ပွင်းလင်းမြင်သာ မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည့် FLEGT လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ထပ်လောင်းကတိပြုခဲ့သည်။